6. ထိုအသံထွက်ပေါ်လာသောအခါ များစွာသောလူတို့သည် စုဝေးလာကြ၍ သူတို့အသီးသီးသည် သူတို့၏ဘာသာစကားဖြင့် တမန်တော်တို့ပြောဆိုနေကြသည်ကိုကြားရသဖြင့် အံ့ဩတွေဝေကြကုန်၏။
7. သူတို့သည် အံ့သြငေးမောကြလျက် “ကြည့်ပါ။ ယခုပြောဆိုနေသော ဤသူအားလုံးတို့သည် ဂါလိလဲနယ်သားများဖြစ်ကြသည်မဟုတ်လော။
8. သို့ဖြစ်လျှင် ငါတို့အသီးသီးသည် ငါတို့မွေးဖွားရာအရပ်မှ ဘာသာစကားဖြင့် ကြားနေရသည်မှာ မည်သို့နည်း။
9. ငါတို့တွင် ပါသိလူမျိုး၊ မေဒိလူမျိုးနှင့် ဧလံလူမျိုးများမှစ၍ မက်ဆိုပိုတေးမီးယားပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှပြည်၊
10. ဖြူဂိပြည်၊ ပံဖုလိပြည်၊ အီဂျစ်ပြည်နှင့် ကုရေနေမြို့အနီး လစ်ဗျားနယ်မြေဒေသတို့၌ နေထိုင်သောသူများရှိကြ၏။ ထို့ပြင် အလည်အပတ်ရောက်ရှိလာသောရောမနိုင်ငံသားများ၊ ဂျူးလူမျိုးများနှင့် ဂျူးဘာသာဝင်ဖြစ်လာသူများ၊
11. ကရေတေကျွန်းသားများ၊ အာရပ်ပြည်သားများလည်းရှိကြ၏။ သို့ဖြစ်လျက်နှင့် ဤသူတို့သည် ဘုရားသခင်၏အံ့ဖွယ်သောအမှုတို့ကို ငါတို့၏ဘာသာစကားများဖြင့် ပြောဆိုနေကြသည်ကို ငါတို့ကြားရပါသည်တကား”ဟု ပြောဆိုကြ၏။
12. လူအားလုံးတို့သည် အံ့သြငေးမောလျက် ဝေခွဲမရဖြစ်ကြကာ “ဤအမှုအရာသည် မည်သည့်အရာကိုဆိုလိုသနည်း”ဟု အချင်းချင်းပြောဆိုကြ၏။
13. သို့သော် လူအချို့တို့က “သူတို့သည် ဝိုင်ချိုဖြင့်မူးယစ်နေကြသည်”ဟု ကဲ့ရဲ့ပြောဆိုကြ၏။
14. ထိုအခါ ပေတရုသည် တမန်တော်တစ်ဆယ့်တစ်ပါးတို့နှင့်အတူမတ်တတ်ရပ်လျက် မိမိအသံကိုကျယ်စွာပြု၍ “ဂျူးအမျိုးသားများနှင့် ဂျေရုဆလင်မြို့၌ နေထိုင်ကြသောသူအပေါင်းတို့၊ ဤအရာကိုသင်တို့အား သိမှတ်စေလိုပါ၏။ ငါ့စကားကို သေချာစွာနားထောင်ကြလော့။
15. ယခုအချိန်ကား နံနက်ကိုးနာရီဖြစ်၍ ဤသူတို့သည် သင်တို့ထင်မှတ်သကဲ့သို့ ယစ်မူးနေကြသည်မဟုတ်။
16. ဤအရာသည် ပရောဖက်ယောလဟောပြောထားသောအရာပင်ဖြစ်၏။
17. ဟောပြောထားသောအရာမှာ ‘ဘုရားသခင်မိန့်တော်မူသည်ကား ငါသည် နောက်ဆုံးသောနေ့ရက်တို့၌ လူအပေါင်းတို့အပေါ်သို့ ငါ၏ဝိညာဉ်ကိုသွန်းလောင်းမည်။ ထိုအခါ သင်တို့၏သားသမီးများသည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ သင်တို့ထဲမှလူငယ်များသည် ဗျာဒိတ်ရူပါရုံများကိုမြင်ကြရလိမ့်မည်။ သင်တို့ထဲမှသက်ကြီးဝါကြီးများသည် အိပ်မက်များကိုမြင်မက်ကြလိမ့်မည်။
18. ထိုနေ့ရက်တို့၌ ငါသည် ငါ၏အစေခံယောက်ျားနှင့် ငါ၏အစေခံမိန်းမတို့အပေါ်သို့ ငါ၏ဝိညာဉ်ကိုသွန်းလောင်းသဖြင့် သူတို့သည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။
19. အထက်ကောင်းကင်၌ အံ့သြဖွယ်ရာများကိုလည်းကောင်း၊ အောက်မြေကြီးပေါ်၌ သွေး၊ မီးလျှံနှင့် မီးခိုးငွေ့တည်းဟူသော နိမိတ်လက္ခဏာများကိုလည်းကောင်း ငါပြမည်။
20. ထာဝရဘုရား၏ထူးမြတ်သောနေ့ကြီးမရောက်မီ နေသည် မှောင်မိုက်သွား၍ လသည် သွေးဖြစ်သွားလိမ့်မည်။
21. ထိုအခါ ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုသောသူအပေါင်းတို့သည် ကယ်တင်ခြင်းခံရကြလိမ့်မည်’ဟူ၍ ဖြစ်၏။