24. သို့သော် ဘုရားသခင်သည် ထိုအရှင်ကို သေခြင်းနှင့်ဆိုင်သောဝေဒနာမှလွတ်မြောက်စေ၍ ထမြောက်စေတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သေခြင်းသည် ထိုအရှင်ကို အစဉ်ချည်နှောင်ထား၍မရနိုင်ချေ။
25. ဒါဝိဒ်ကလည်း ထိုအရှင်နှင့်ပတ်သက်၍ ‘ငါသည် ထာဝရဘုရားကို အစဉ်မပြတ်မျက်မှောက်ပြု၏။ အကြောင်းမူကား ကိုယ်တော်သည် ငါ၏လက်ယာဘက်၌ ရှိတော်မူသည်ဖြစ်၍ ငါသည် တုန်လှုပ်ခြင်းမရှိရာ။
26. ထို့ကြောင့် ငါ၏စိတ်နှလုံးသည်ပျော်ရွှင်၍ ငါ၏နှုတ်သည်ရွှင်မြူး၏။ ထိုမျှမက ငါ၏သွေးသားသည်လည်း မျှော်လင့်ခြင်း၌ခိုလှုံလိမ့်မည်။
27. အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၌ စွန့်ပစ်ထားတော်မူမည်မဟုတ်။ ကိုယ်တော်၏သန့်ရှင်းသောသူအားလည်း ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ခွင့်ပေးတော်မူမည်မဟုတ်။
28. ကိုယ်တော်သည် အကျွန်ုပ်အား အသက်ရှင်ခြင်းလမ်းကိုသိစေ၍ ရှေ့တော်၌ အကျွန်ုပ်ကို ဝမ်းမြောက်ခြင်းနှင့်ပြည့်ဝစေတော်မူလိမ့်မည်’ဟု ဆိုထား၏။
29. ညီအစ်ကိုတို့၊ ရှေးဘိုးဘေးဒါဝိဒ်နှင့်ပတ်သက်၍ သင်တို့အား ငါအတိအလင်းပြောဆိုနိုင်သည်မှာ သူသည်သေလွန်၍ သင်္ဂြိုဟ်ခြင်းကိုခံရပြီး သူ၏သင်္ချိုင်းဂူသည် ယနေ့တိုင်အောင် ငါတို့အရပ်၌ရှိ၏။
30. သူသည် ပရောဖက်တစ်ပါးဖြစ်သောကြောင့် သူ့သားမြေးထဲမှ တစ်ဦးကို သူ၏ပလ္လင်ပေါ်တွင်ထိုင်စေမည်ဟု ဘုရားသခင်သည် သူ့အားကတိသစ္စာဖြင့်တိုင်တည်၍ မိန့်တော်မူကြောင်းသိထား၏။
31. သူသည် ၎င်းကိုကြိုတင်သိမြင်လျက် ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ဟောပြောကာ ‘ကိုယ်တော်သည် မရဏာနိုင်ငံ၌ စွန့်ပစ်ထားခြင်းခံရမည်မဟုတ်။ ခန္ဓာတော်ကိုလည်း ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ခွင့်ပေးတော်မူမည်မဟုတ်’ဟု ဆိုခဲ့၏။