19. အထက်ကောင်းကင်၌ အံ့သြဖွယ်ရာများကိုလည်းကောင်း၊ အောက်မြေကြီးပေါ်၌ သွေး၊ မီးလျှံနှင့် မီးခိုးငွေ့တည်းဟူသော နိမိတ်လက္ခဏာများကိုလည်းကောင်း ငါပြမည်။
20. ထာဝရဘုရား၏ထူးမြတ်သောနေ့ကြီးမရောက်မီ နေသည် မှောင်မိုက်သွား၍ လသည် သွေးဖြစ်သွားလိမ့်မည်။
21. ထိုအခါ ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုသောသူအပေါင်းတို့သည် ကယ်တင်ခြင်းခံရကြလိမ့်မည်’ဟူ၍ ဖြစ်၏။
22. အစ္စရေးအမျိုးသားတို့၊ ဤစကားတို့ကိုနားထောင်ကြလော့။ သင်တို့သိကြသည့်အတိုင်း ဘုရားသခင်သည် နာဇရက်မြို့သားယေရှုအားဖြင့် သင်တို့အလယ်၌ အံ့ဩဖွယ်ရာများ၊ တန်ခိုးလက္ခဏာများနှင့် နိမိတ်လက္ခဏာများကိုပြုတော်မူ၏။ ဘုရားသခင်သည် ဤအရာများအားဖြင့် ယေရှုနှင့်ပတ်သက်သော ခိုင်မာသည့်အထောက်အထားများကို သင်တို့အားပြတော်မူ၏။
23. ဘုရားသခင်ချမှတ်ထားသောအကြံအစည်တော်နှင့် ကြိုတင်သိမြင်သောဉာဏ်တော်တို့အရ အပ်နှံခြင်းခံရသောထိုအရှင်ကို သင်တို့သည် တရားမဲ့သောသူတို့လက်ဖြင့် လက်ဝါးကပ်တိုင်ပေါ်၌တင်၍ ကွပ်မျက်ကြ၏။
24. သို့သော် ဘုရားသခင်သည် ထိုအရှင်ကို သေခြင်းနှင့်ဆိုင်သောဝေဒနာမှလွတ်မြောက်စေ၍ ထမြောက်စေတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သေခြင်းသည် ထိုအရှင်ကို အစဉ်ချည်နှောင်ထား၍မရနိုင်ချေ။
25. ဒါဝိဒ်ကလည်း ထိုအရှင်နှင့်ပတ်သက်၍ ‘ငါသည် ထာဝရဘုရားကို အစဉ်မပြတ်မျက်မှောက်ပြု၏။ အကြောင်းမူကား ကိုယ်တော်သည် ငါ၏လက်ယာဘက်၌ ရှိတော်မူသည်ဖြစ်၍ ငါသည် တုန်လှုပ်ခြင်းမရှိရာ။
26. ထို့ကြောင့် ငါ၏စိတ်နှလုံးသည်ပျော်ရွှင်၍ ငါ၏နှုတ်သည်ရွှင်မြူး၏။ ထိုမျှမက ငါ၏သွေးသားသည်လည်း မျှော်လင့်ခြင်း၌ခိုလှုံလိမ့်မည်။
27. အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၌ စွန့်ပစ်ထားတော်မူမည်မဟုတ်။ ကိုယ်တော်၏သန့်ရှင်းသောသူအားလည်း ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ခွင့်ပေးတော်မူမည်မဟုတ်။