8. ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံကရိပ္ပုသည် မိမိအိမ်သူအိမ်သားအားလုံးတို့နှင့်အတူ သခင်ဘုရားကိုယုံကြည်လေ၏။ အခြားကောရိန္သုမြို့သားအမြောက်အမြားတို့သည်လည်း ကြားနာ၍ ယုံကြည်ကာ ဗတ္တိဇံခံကြ၏။
9. တစ်ညတွင် သခင်ဘုရားသည် ရူပါရုံအားဖြင့် ပေါလုအား “မကြောက်နှင့်။ တိတ်ဆိတ်စွာမနေဘဲ ဟောပြောလော့။
10. အကြောင်းမူကား ငါသည် သင်နှင့်အတူရှိ၏။ မည်သူမျှ သင့်ကို မတရားနှိပ်စက်၍ ထိခိုက်စေမည်မဟုတ်။ ဤမြို့တွင် ငါနှင့်ဆိုင်သောလူ များစွာရှိ၏”ဟု မိန့်တော်မူ၏။
11. သို့ဖြစ်၍ ပေါလုသည် ထိုမြို့၌ တစ်နှစ်နှင့်ခြောက်လနေထိုင်လျက် သူတို့အလယ်တွင် ဘုရားသခင်၏နှုတ်ကပတ်တရားကို သွန်သင်လေ၏။
12. သို့သော် ဂါလျုန်သည် အခါယပြည်၏အုပ်ချုပ်ရေးမှူးဖြစ်စဉ် ဂျူးလူမျိုးတို့သည် ပေါလုကို တညီတညွတ်တည်းဆန့်ကျင်၍ သူ့ကို တရားခွင်သို့ ခေါ်ဆောင်သွားပြီးလျှင်
13. “ဤသူသည် ပညတ်တရားနှင့်ဆန့်ကျင်လျက် ဘုရားသခင်ကို ကိုးကွယ်ကြရန် လူတို့ကိုစည်းရုံးနေပါသည်”ဟု လျှောက်ကြ၏။
14. ပေါလုသည်လည်း နှုတ်ကိုဖွင့်၍ပြောဆိုမည်ပြုစဉ် ဂါလျုန်က ဂျူးလူမျိုးတို့အား “အို ဂျူးအမျိုးသားတို့၊ ဤအမှုသည် မတရားမှုသို့မဟုတ် ဆိုးညစ်သောပြစ်မှု တစ်စုံတစ်ရာဖြစ်လျှင် ငါသည် သင်တို့အတွက် သည်းခံသင့်ပါသည်။
15. သို့သော် ၎င်းသည် သင်တို့၏ပညတ်တရား၊ စကား၊ အမည်နာမများနှင့်ပတ်သက်သည့် ပြဿနာများဖြစ်သည်ဆိုလျှင် သင်တို့ကိုယ်တိုင် ကြည့်ရှုဖြေရှင်းရမည်။ ငါသည် ထိုအမှုမျိုးကိုတရားစီရင်သူ မဖြစ်လို”ဟု ဆိုလျက်
16. သူတို့ကို တရားခွင်မှ နှင်ထုတ်လေ၏။
17. ထိုအခါ လူအပေါင်းတို့သည် ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံသုဿင်ကို ဖမ်းဆီး၍ တရားခွင်ရှေ့၌ ရိုက်နှက်ကြ၏။ သို့ရာတွင် ဂါလျုန်သည် ထိုအမှုများကို ဂရုမစိုက်ဘဲနေ၏။
18. ထို့နောက် ပေါလုသည် ရက်ပေါင်းများစွာဆက်၍နေပြီးမှ ညီအစ်ကိုများကိုနှုတ်ဆက်ကာ ဆီးရီးယားပြည်သို့ ရွက်လွှင့်သွားလေ၏။ ပြစ်ကိလနှင့်အာကုလတို့သည်လည်း သူနှင့်အတူလိုက်ပါကြ၏။ ပေါလုသည် အဓိဋ္ဌာန်ပြုထားသည်ဖြစ်၍ ရွက်မလွှင့်မီ ကင်ခြေမြို့တွင် မိမိဦးခေါင်းကိုရိတ်လေ၏။
19. သူတို့သည် ဧဖက်မြို့သို့ရောက်ကြသောအခါ ပေါလုသည် အခြားသောသူတို့ကို ထိုနေရာ၌ထားခဲ့ပြီး ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်၍ ဂျူးလူမျိုးတို့နှင့် ဆွေးနွေးပြောဆိုလေ၏။