26. ကိုယ်တော်သည် လူတစ်ဦးတည်းမှ လူမျိုးအားလုံးကို ဖန်ဆင်း၍ ကမ္ဘာမြေပြင်အနှံ့တွင်နေထိုင်စေကာ အချိန်ကာလများနှင့် သူတို့နေထိုင်ရာနယ်နိမိတ်များကို ကြိုတင်ချမှတ်ပေးတော်မူ၏။
27. ဤသို့ပြုခြင်းမှာ လူတို့သည် ဘုရားသခင်ကို လိုက်စမ်း၍ တွေ့လိုတွေ့ငြား ရှာဖွေကြစေရန် အတွက်ဖြစ်၏။ အမှန်စင်စစ် ကိုယ်တော်သည် ငါတို့တစ်စုံတစ်ဦးနှင့်မျှ ဝေးကွာတော်မူသည်မဟုတ်။
28. အကြောင်းမူကား သင်တို့ထဲမှ ကဗျာဆရာအချို့တို့က “စင်စစ်ဆိုသော် ငါတို့သည်ကား ကိုယ်တော့်အမျိုးအနွယ် ဖြစ်ကြကုန်၏”ဟု စပ်ဆိုထားသည့်အတိုင်း ငါတို့သည် ကိုယ်တော်၌ အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်တည်လျက် ရှိကြ၏။
29. ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြသောကြောင့် ဘုရားသခင်ကို လူ၏အတတ်ပညာနှင့်စဉ်းစားဆင်ခြင်မှုတို့ဖြင့် ရွှေ၊ ငွေ၊ ကျောက်တုံးတို့ကိုထွင်းထုပြုလုပ်ထားသည့် ရုပ်တုနှင့်တူသည်ဟုမထင်မှတ်သင့်ပေ။
30. ဘုရားသခင်သည် လူတို့မသိနားမလည်သည့်အချိန်ကာလကို အမှုမထားခဲ့သော်လည်း ယခုအခါ နေရာတိုင်းရှိ လူအပေါင်းတို့အား နောင်တရကြရန် အမိန့်ပေးတော်မူ၏။
31. အကြောင်းမူကား ဘုရားသခင်သည် မိမိခန့်အပ်ထားသောအရှင်အားဖြင့် ကမ္ဘာလောကအား ဖြောင့်မတ်စွာတရားစီရင်မည့်နေ့ရက်ကို သတ်မှတ်ထားတော်မူပြီး ထိုအရှင်ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူခြင်းအားဖြင့် လူအပေါင်းတို့အား ခိုင်လုံသောအထောက်အထားကိုပေးတော်မူ၏”ဟု ဆိုလေ၏။
32. သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကြားကြသောအခါ အချို့သောသူတို့သည် ကဲ့ရဲ့ကြ၏။ အချို့သောသူတို့ကမူ “ဤအကြောင်းနှင့်ပတ်သက်၍ သင့်ထံမှ နောက်တစ်ဖန် နားထောင်ဦးမည်”ဟု ဆိုကြ၏။
33. ထိုအခါ ပေါလုသည် သူတို့ထံမှ ထွက်သွားလေ၏။
34. သို့သော် လူအချို့တို့သည် ပေါလုနှင့်ပေါင်းဖော်၍ ယုံကြည်ကြ၏။ သူတို့ထဲတွင် အာရေပါဂုရုံးတော်အဖွဲ့ဝင်တစ်ဦးဖြစ်သော ဒယောနုသိနှင့် ဒမာရိအမည်ရှိအမျိုးသမီးတို့အပြင် သူတို့နှင့်အတူရှိသော အခြားသူများပါကြ၏။