42. ပေါလုနှင့်ဗာနဗတို့ ထွက်ခွာလာကြစဉ် လူတို့က လာမည့်ဥပုသ်နေ့၌လည်း ဤအကြောင်းအရာများကို မိမိတို့အား ဟောပြောပါရန်တောင်းပန်ကြ၏။
43. ဝတ်ပြုစည်းဝေးကျောင်းဆင်းသောအခါ များစွာသောဂျူးလူမျိုးမှစ၍ ဘုရားသခင်ကိုကိုးကွယ်သည့် ဂျူးဘာသာဝင်ဖြစ်လာသူတို့သည် ပေါလုနှင့်ဗာနဗတို့နောက်သို့ လိုက်ကြ၏။ သူတို့နှစ်ဦးသည်လည်း ထိုသူတို့အား ဘုရားသခင်၏ကျေးဇူးတော်၌ ဆက်လက်တည်နေကြရန် အားပေးတိုက်တွန်းကြ၏။
44. နောက်ဥပုသ်နေ့တွင် သခင်ဘုရား၏နှုတ်ကပတ်တရားကို ကြားနာရန် တစ်မြို့လုံးနီးပါး စုဝေးလာကြ၏။
45. သို့သော် ဂျူးလူမျိုးတို့သည် ထိုလူအစုအဝေးကိုမြင်လျှင် မနာလိုစိတ်နှင့်ပြည့်၍ ပေါလုဟောပြောသောအကြောင်းအရာများကို ဆန့်ကျင်လျက် စော်ကားပြောဆိုကြ၏။
46. ထိုအခါ ပေါလုနှင့်ဗာနဗတို့သည် ရဲရင့်စွာဟောပြောလျက် “ဘုရားသခင်၏နှုတ်ကပတ်တရားကို သင်တို့အား ဦးစွာဟောပြောရန်လိုအပ်၏။ သို့သော် သင်တို့သည် ၎င်းကိုငြင်းပယ်၍ မိမိတို့ကိုယ်ကို ထာဝရအသက်နှင့်မထိုက်တန်ဟု စီရင်ကြသောကြောင့် ငါတို့သည် လူမျိုးခြားတို့ထံသို့ လှည့်သွားကြ၏။
47. အကြောင်းမူကား သခင်ဘုရားက ‘သင်တို့သည် ကယ်တင်ခြင်းကျေးဇူးကို မြေကြီးစွန်းတိုင်အောင် ရောက်ရှိစေရန် ငါသည် သင်တို့ကို လူမျိုးခြားတို့အတွက် အလင်းအဖြစ် ခန့်ထားပြီ’ဟူ၍ ငါတို့အား မိန့်မှာတော်မူ၏”ဟု ဆိုလေ၏။
48. လူမျိုးခြားတို့သည် ထိုစကားကိုကြားလျှင် ဝမ်းမြောက်လျက် သခင်ဘုရား၏နှုတ်ကပတ်တရားကို ချီးမွမ်းကြ၏။ ထာဝရအသက်ရရှိရန် သတ်မှတ်ထားခြင်းခံရသောသူရှိသမျှတို့သည်လည်း ယုံကြည်ကြ၏။