13. ပေါလုနှင့်သူ၏အပေါင်းအပါတို့သည် ပါဖုမြို့မှရွက်လွှင့်၍ ပံဖုလိပြည်၊ ပေရဂေမြို့သို့ရောက်ကြ၏။ ထိုအခါ ယောဟန်သည် သူတို့ထံမှ ခွဲခွာ၍ ဂျေရုဆလင်မြို့သို့ ပြန်သွားလေ၏။
14. သူတို့မူကား ပေရဂေမြို့ကိုဖြတ်သွား၍ ပိသိဒိပြည်၊ အန္တိအုတ်မြို့သို့ရောက်ကြပြီးလျှင် ဥပုသ်နေ့၌ ဝတ်ပြုစည်းဝေးကျောင်းထဲသို့ဝင်၍ ထိုင်ကြ၏။
15. ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကို ဖတ်ကြားပြီးသောအခါ ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံများသည် သူတို့ထံ လူလွှတ်၍ “ညီအစ်ကိုတို့၊ သင်တို့တွင် လူတို့အား တိုက်တွန်းအားပေးစကားတစ်စုံတစ်ခုရှိလျှင် ပြောကြပါ”ဟု ဆိုကြ၏။
16. ထိုအခါ ပေါလုသည်ထ၍ လက်ရိပ်ပြလျက် “အစ္စရေးအမျိုးသားတို့နှင့် ဘုရားသခင်ကိုကြောက်ရွံ့ရိုသေသောသူတို့၊ နားထောင်ကြပါ။
17. အစ္စရေးလူမျိုး၏ဘုရားသခင်သည် ငါတို့ဘိုးဘေးများကို ရွေးကောက်တော်မူ၍ အီဂျစ်ပြည်၌ ဧည့်သည်အဖြစ်နေထိုင်စဉ် ဤလူမျိုးတော်ကို ချီးမြှောက်တော်မူ၏။ ထို့နောက် အားကြီးသောလက်ရုံးတော်အားဖြင့် သူတို့ကို ထိုတိုင်းပြည်မှ ထုတ်ဆောင်တော်မူပြီး
18. အနှစ်လေးဆယ်ခန့်မျှသောကာလပတ်လုံး တောကန္တာရတွင် သူတို့ကို သည်းခံတော်မူ၏။
19. ထို့နောက် ခါနာန်ပြည်ရှိလူမျိုးခုနစ်မျိုးတို့ကို ဖျက်ဆီး၍ သူတို့၏တိုင်းပြည်ကို လူမျိုးတော်အား အမွေအဖြစ်ခွဲဝေပေးတော်မူ၏။
20. ဤအရာတို့သည် နှစ်ပေါင်းလေးရာငါးဆယ်ခန့်ကြာ၏။ ထို့နောက် ပရောဖက်ရှမွေလခေတ်တိုင်အောင် သူတို့အား တရားသူကြီးများကို ပေးတော်မူ၏။
21. ထိုမှတစ်ဖန် သူတို့သည် ဘုရင်ကိုတောင်းကြသဖြင့် ဘုရားသခင်သည် ဗင်္ယာမိန်အနွယ်မှ ကိရှ၏သားရှောလုကို အနှစ်လေးဆယ်တိုင်တိုင် သူတို့အား ပေးတော်မူ၏။
22. ရှောလုကိုဖယ်ရှားပြီးနောက် ဒါဝိဒ်အား သူတို့၏ဘုရင်အဖြစ် ချီးမြှောက်တော်မူလျက် သူနှင့်ပတ်သက်၍ သက်သေခံသည်ကား ‘ငါ၏စိတ်နှင့်တွေ့သူ၊ ယေရှဲ၏သားဒါဝိဒ်ကို ငါတွေ့ပြီ။ သူသည် ငါ၏အလိုရှိသမျှကို ဆောင်ရွက်လိမ့်မည်’ဟု မိန့်တော်မူ၏။
23. ဘုရားသခင်သည် ကတိတော်အတိုင်း အစ္စရေးလူမျိုးအတွက် ကယ်တင်ရှင်ယေရှုကို ဤဒါဝိဒ်၏အမျိုးအနွယ်မှ ပေါ်ထွန်းစေတော်မူ၏။
24. ထိုအရှင်ကြွလာတော်မမူမီ ယောဟန်သည် အစ္စရေးလူမျိုးအပေါင်းတို့အား နောင်တနှင့်ဆိုင်သောဗတ္တိဇံတရားကို ကြိုတင်ဟောပြောလေ၏။
25. ယောဟန်သည် တစ်ဘဝတာ တာဝန်ပြီးစီးတော့မည့်အချိန်၌ ‘သင်တို့သည် ငါ့ကို မည်သူဖြစ်သည်ဟု ထင်မှတ်ကြသနည်း။ ငါသည် ထိုအရှင်မဟုတ်။ ထိုအရှင်သည် ငါ့နောက်တွင်ကြွလာတော်မူ၏။ ထိုအရှင်၏ခြေမှ ခြေနင်းတော်ကြိုးကိုဖြေပေးရန်ပင် ငါသည် မထိုက်တန်’ဟု ဆို၏။
26. အာဗြဟံ၏အမျိုးအနွယ်ဝင်ဖြစ်သူများနှင့် သင်တို့ထဲမှ ဘုရားသခင်ကိုကြောက်ရွံ့သောညီအစ်ကိုတို့၊ ဤကယ်တင်ခြင်းသတင်းစကားသည် ငါတို့ထံသို့ ပေးပို့ခြင်းခံရ၏။
27. ဂျေရုဆလင်မြို့တွင်နေထိုင်သောသူများနှင့် သူတို့၏အကြီးအကဲများသည် ထိုအရှင်ကိုလည်းကောင်း၊ ဥပုသ်နေ့တိုင်းဖတ်ကြားသည့် ပရောဖက်တို့၏စကားကိုလည်းကောင်း မသိနားမလည်ကြ၍ ထိုအရှင်ကို ပြစ်ဒဏ်စီရင်ခြင်းအားဖြင့် ထိုစကားတို့ကို ပြည့်စုံစေကြ၏။
28. သူတို့သည် ကိုယ်တော်၌ သေဒဏ်ချမှတ်နိုင်သည့်ပြစ်မှုတစ်စုံတစ်ခုကိုမျှ မတွေ့သော်လည်း ကိုယ်တော်ကိုကွပ်မျက်ရန် ပိလတ်မင်းအား တောင်းဆိုကြ၏။
29. ဤသို့ဖြင့် ကိုယ်တော်ကိုရည်ညွှန်း၍ ရေးထားသောအရာအားလုံးတို့ကို ပြုကြပြီးသောအခါ အလောင်းတော်ကို သစ်တိုင်မှချ၍ သင်္ချိုင်းဂူထဲတွင် သွင်းထားကြ၏။
30. သို့သော် ဘုရားသခင်သည် ကိုယ်တော်ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူ၏။
31. ကိုယ်တော်သည် ဂါလိလဲနယ်မှ ဂျေရုဆလင်မြို့သို့ မိမိနှင့်အတူလိုက်ပါခဲ့ကြသောသူတို့အား ရက်ပေါင်းများစွာအတွင်း ကိုယ်ထင်ရှားပြတော်မူ၏။ ယခုအခါ ထိုသူတို့သည် လူတို့ရှေ့တွင် ကိုယ်တော်၏သက်သေများဖြစ်ကြ၏။
32. ငါတို့သည်လည်း ဘိုးဘေးများအားပေးတော်မူသော ကတိတော်နှင့်ဆိုင်သည့်ကောင်းမြတ်သောသတင်းကို သင်တို့အား ဟောပြောကြ၏။