4. ငါသည် တူညီသောယုံကြည်ခြင်းအားဖြင့် စစ်မှန်သောငါ့သားဖြစ်သည့်တိတုထံသို့ ဤစာကို ရေးလိုက်ပါ၏။ ခမည်းတော်ဘုရားသခင်နှင့် ငါတို့၏ကယ်တင်ရှင်ခရစ်တော်ယေရှုထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်၌ရှိပါစေသော။
5. ကရေတေကျွန်းတွင် သင့်ကို ငါထားခဲ့ခြင်းမှာ သင့်အား ငါမှာကြားထားသည့်အတိုင်း လိုအပ်သည့်အရာများကို စီမံဆောင်ရွက်ရန်နှင့် မြို့တိုင်းတွင် အသင်းတော်အကြီးအကဲများကို ခန့်ထားရန်အတွက်ဖြစ်၏။
6. အသင်းတော်အကြီးအကဲသည် အပြစ်တင်စရာမရှိသောသူ၊ မယားတစ်ဦးတည်းရှိသောသူဖြစ်ရမည်။ သူ၏သားသမီးတို့သည်လည်း ယုံကြည်သူများဖြစ်ရမည်ဖြစ်ပြီး အပျော်ကြူးခြင်းကြောင့်စွပ်စွဲခံရသူများ သို့မဟုတ် နာခံမှုမရှိသောသူများမဖြစ်ရ။
7. အကြောင်းမူကား ကြီးကြပ်သူသည် ဘုရားသခင်၏ဘဏ္ဍာစိုးဖြစ်သည်နှင့်အညီ အပြစ်တင်စရာမရှိသောသူဖြစ်ရမည်။ သူသည် ထင်ရာစိုင်းတတ်သောသူ၊ စိတ်တိုသောသူ၊ သေသောက်ကြူးသောသူ၊ ကြမ်းကြုတ်သောသူ၊ မစင်ကြယ်သောအကျိုးစီးပွားကိုတပ်မက်သောသူမဟုတ်ဘဲ
8. ဧည့်ဝတ်ကျေပွန်သောသူ၊ ကောင်းမြတ်သောအရာကိုနှစ်သက်သောသူ၊ ဣန္ဒြေစောင့်သောသူ၊ ဖြောင့်မတ်သောသူ၊ သန့်ရှင်းသောသူ၊ မိမိကိုယ်ကိုချုပ်တည်းနိုင်သောသူဖြစ်ရမည်။
9. သူသည် မှန်ကန်ပြည့်စုံသောသြဝါဒအားဖြင့် တိုက်တွန်းနှိုးဆော်နိုင်ရန်နှင့် ဆန့်ကျင်ပြောဆိုသောသူတို့၏အပြစ်ကိုဖော်ပြနိုင်ရန် မိမိသင်ယူထားသည့် သစ္စာနှင့်ပြည့်စုံသောနှုတ်ကပတ်တရားကို စွဲကိုင်ထားရမည်။
10. အကြောင်းမူကား နာခံမှုမရှိသောသူ၊ အကျိုးမဲ့စကားပြောဆိုသောသူနှင့် လိမ်လည်သောသူ များစွာရှိကြ၏။ အထူးသဖြင့် အရေဖျားလှီးထားသောသူတို့ထဲတွင်ရှိကြ၏။
11. ထိုသူတို့ကို နှုတ်ဆိတ်စေရမည်။ သူတို့သည် မစင်ကြယ်သောအကျိုးစီးပွားအတွက် မသွန်သင်အပ်သောအရာများကိုသွန်သင်လျက် မိသားစုများကို အစုလိုက်ချွတ်ချော်လွဲမှားစေကြ၏။
12. ကရေတေကျွန်းသားများထဲမှ သူတို့၏အမျိုးသားချင်းပရောဖက်တစ်ဦးက “ကရေတေကျွန်းသား၊ လူလိမ်များ၊ ဆိုးသွမ်းသားရဲ၊ စားမြဲစားသူ၊ ပျင်းရိလူ”ဟု စပ်ဆိုထား၏။