9. ဤသို့ဖြင့် မဏ္ဍိုင်များဖြစ်သည်ဟု မှတ်ယူခြင်းခံရသော ယာကုပ်၊ ကေဖနှင့် ယောဟန်တို့သည် ငါ့အားပေးထားသော ကျေးဇူးတော်ကိုသိမြင်၍ မိတ်ဖွဲ့ခြင်းလက်ယာလက်ကို ငါနှင့်ဗာနဗတို့အားကမ်းလျက် ငါတို့သည် လူမျိုးခြားထံသို့သွားရန်နှင့် သူတို့မူကား အရေဖျားလှီးထားသောသူထံသို့သွားရန် သဘောတူကြ၏။
10. သူတို့၏တစ်ခုတည်းသောမှာကြားချက်မှာ ဆင်းရဲသားတို့အား ငါတို့သတိရစေရန်ဖြစ်၏။ ထိုအမှုကိုပြုရန် ငါလည်းကြိုးစားအားထုတ်လာခဲ့၏။
11. သို့သော် အန္တိအုတ်မြို့သို့ ကေဖရောက်လာသောအခါ သူ၌အပြစ်တင်စရာရှိသောကြောင့် ငါသည် သူ့ကို မျက်နှာချင်းဆိုင်၍ ပိတ်ပင်တားဆီးရ၏။
12. အကြောင်းမူကား ယာကုပ်ထံမှ လူအချို့ရောက်မလာမီ သူသည် လူမျိုးခြားတို့နှင့်အတူစားသောက်၏။ သို့သော် သူတို့ရောက်လာသောအခါ အရေဖျားလှီးထားသောသူတို့ကိုကြောက်သဖြင့် တွန့်ဆုတ်၍ သီးခြားနေလေ၏။
13. ထိုအခါ ကျန်သောဂျူးအမျိုးသားတို့သည်လည်း သူနှင့်အတူ သူတော်ကောင်းယောင်ဆောင်ကြသဖြင့် ဗာနဗပင်လျှင် သူတို့၏သူတော်ကောင်းယောင်ဆောင်ခြင်းသို့ လိုက်ပါသွားခဲ့၏။
14. သို့သော် သူတို့သည် ကောင်းမြတ်သောသတင်း၏သမ္မာတရားနှင့်အညီ ဖြောင့်မတ်စွာလျှောက်လှမ်းခြင်းမရှိသည်ကို ငါမြင်သောအခါ ထိုသူအပေါင်းတို့ရှေ့၌ ကေဖအား “ဂျူးလူမျိုးဖြစ်သောသင်သည် ဂျူးလူမျိုးကဲ့သို့မနေထိုင်ဘဲ လူမျိုးခြားကဲ့သို့နေထိုင်သည်ဆိုလျှင် လူမျိုးခြားတို့ကို ဂျူးလူမျိုးကဲ့သို့နေထိုင်ရန် အဘယ်ကြောင့် အတင်းအကျပ်စေခိုင်းသနည်း”ဟု ငါဆို၏။
15. ငါတို့သည် အပြစ်သားလူမျိုးခြားတို့ထဲမှမဟုတ်ဘဲ ဇာတိအားဖြင့် ဂျူးလူမျိုးများဖြစ်ကြ၏။
16. သို့သော် လူသည် ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့်မဟုတ်ဘဲ ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြောင်း သိကြသဖြင့် ငါတို့သည် ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့်မဟုတ်ဘဲ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရရန် ခရစ်တော်ယေရှုကို ယုံကြည်ကြ၏။ အကြောင်းမူကား ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့် မည်သူမျှ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်။
17. သို့ရာတွင် ငါတို့သည် ခရစ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရရန် ရှာကြံနေကြစဉ် ငါတို့ကိုယ်တိုင် အပြစ်သားများဖြစ်ကြောင်းတွေ့ရှိရသည်ဆိုလျှင် ခရစ်တော်သည် အပြစ်တရား၏အမှုကိုဆောင်ရွက်သူဖြစ်သလော။ လုံးဝမဟုတ်ပေ။