8. ယခုမူကား သင်တို့သည် အမျက်ထွက်ခြင်း၊ ဒေါသကြီးခြင်း၊ မလိုတမာဖြစ်ခြင်း၊ စော်ကားပြောဆိုခြင်းနှင့် သင်တို့၏နှုတ်မှထွက်သည့် ညစ်ညမ်းရိုင်းစိုင်းသောစကား စသည့်အမှုအလုံးစုံတို့ကို ဖယ်ရှားကြလော့။
9. အချင်းချင်းမလိမ်ညာကြနှင့်။ အကြောင်းမူကား သင်တို့သည် လူဟောင်းကို ၎င်း၏အကျင့်များနှင့်အတူချွတ်ပယ်၍
10. ဖန်ဆင်းတော်မူသောအရှင်၏ပုံသဏ္ဌာန်နှင့်အညီ စစ်မှန်သောအသိပညာအားဖြင့် အသစ်ပြုပြင်ခြင်းခံရသောလူသစ်ကို ဝတ်ဆင်ကြပြီဖြစ်၏။
11. ထိုသို့ဖန်ဆင်းပြုပြင်ရာ၌ ဂရိလူမျိုးနှင့်ဂျူးလူမျိုး၊ အရေဖျားလှီးထားသောသူနှင့်မလှီးထားသောသူ၊ သကုသိလူနှင့်လူရိုင်း၊ ကျွန်နှင့်လွတ်လပ်သူဟူ၍မရှိ။ ခရစ်တော်သည် အလုံးစုံဖြစ်ပြီး အလုံးစုံတို့၌ရှိတော်မူ၏။
12. ထို့ကြောင့် သင်တို့သည် ဘုရားသခင်ရွေးကောက်တော်မူသောသူများ၊ သန့်ရှင်းသောသူများနှင့် ချစ်တော်မူသောသူများဖြစ်ကြသည့်အလျောက် ကြင်နာခြင်းနှင့်ပြည့်ဝသည့်သက်ညှာခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် စိတ်ရှည်သည်းခံခြင်းတို့ကို ဝတ်ဆင်ကြလော့။
13. အချင်းချင်းသည်းခံ၍ တစ်ဦးအပေါ်တစ်ဦးအပြစ်တင်စရာရှိလျှင် သခင်ဘုရားသည် သင်တို့ကိုခွင့်လွှတ်တော်မူသကဲ့သို့ သင်တို့သည်လည်း အချင်းချင်းခွင့်လွှတ်ကြလော့။
14. ဤအရာအားလုံးတို့အပေါ်၌ စုံလင်ခြင်း၏နှောင်ကြိုးဖြစ်သော ချစ်ခြင်းမေတ္တာကို ဝတ်ဆင်ကြလော့။
15. သင်တို့၏စိတ်နှလုံးထဲ၌ ခရစ်တော်၏ငြိမ်သက်ခြင်းကို အုပ်စိုးစေကြလော့။ အကြောင်းမူကား သင်တို့သည် ဤငြိမ်သက်ခြင်းအတွက် ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ ခေါ်ယူတော်မူခြင်းခံရကြ၏။ ကျေးဇူးသိတတ်သောစိတ်ရှိကြလော့။