19. အကြောင်းမူကား ဘုရားသခင်သည် ခပ်သိမ်းသောပြည့်စုံခြင်းကို သားတော်၌ ကိန်းဝပ်စေရန်လည်းကောင်း၊
20. လက်ဝါးကပ်တိုင်ပေါ်၌သွန်းသော သားတော်၏သွေးတော်အားဖြင့် ရန်ငြိမ်းစေ၍ ကောင်းကင်ဘုံ၌ရှိသောအရာများဖြစ်စေ၊ မြေကြီးပေါ်၌ရှိသောအရာများဖြစ်စေ ခပ်သိမ်းသောအရာတို့ကို သားတော်အားဖြင့် မိမိနှင့်ပြန်လည်သင့်မြတ်စေရန်လည်းကောင်း အလိုရှိတော်မူ၏။
21. ယခင်က သင်တို့သည် ဆိုးညစ်သောအမှုများကိုပြုခြင်းအားဖြင့် ဘုရားသခင်နှင့်ကင်းကွာလျက် စိတ်နှလုံး၌ရန်သူဖြစ်ကြ၏။
22. ယခုမူကား သွေးသားနှင့်ဆိုင်သောကိုယ်ခန္ဓာ၌ သားတော်ကိုအသေခံစေခြင်းအားဖြင့် ဘုရားသခင်သည် သင်တို့ကို မိမိနှင့်ပြန်လည်သင့်မြတ်စေတော်မူ၏။ ဤသည်ကား သန့်ရှင်းလျက်အပြစ်အနာအဆာကင်း၍ အပြစ်တင်စရာမရှိသောသင်တို့ကို မိမိ၏ရှေ့တော်သို့ ဆက်သနိုင်ရန်ဖြစ်၏။
23. သို့သော် သင်တို့သည် သင်တို့ကြားခဲ့ရသည့် ကောင်းမြတ်သောသတင်း၏မျှော်လင့်ခြင်းမှ သွေဖည်မသွားဘဲ ခိုင်မြဲစွာအုတ်မြစ်ချထားသည့် ယုံကြည်ခြင်း၌ ဆက်၍တည်နေရမည်။ ထိုကောင်းမြတ်သောသတင်းကို ကောင်းကင်အောက်ရှိ ဖန်ဆင်းခံလောကတစ်ခုလုံးအား ဟောပြောနေသည်ဖြစ်၍ ငါပေါလုသည် ၎င်း၏အမှုတော်ဆောင်ဖြစ်လာ၏။
24. ငါသည် သင်တို့အတွက်ခံရသောဒုက္ခဝေဒနာ၌ ယခုဝမ်းမြောက်၍ ခရစ်တော်၏ဆင်းရဲဒုက္ခတွင် လိုအပ်သေးသည့်အပိုင်းကို ကိုယ်တော်၏ကိုယ်ခန္ဓာတည်းဟူသောအသင်းတော်အတွက် ငါ၏ကိုယ်ကာယ၌ ဖြည့်ဆည်းလျက်ရှိ၏။