၄ ရာ 15:17-26 Judson Bible (BJB)

17. ယုဒရှင်ဘုရင်ဩဇိနန်းစံသုံးဆယ်ကိုးနှစ်တွင်၊ ဂါဒိသားမေနဟင်သည် နန်းထိုင်၍၊ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို ဆယ်နှစ်စိုးစံလေ၏။

18. ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မစွန့်ဘဲ နေ၏။

19. အာရှုရိရှင်ဘုရင်ပုလသည် ဣသရေလပြည်ကို တိုက်လာ၏။ မေနဟင်သည် မိမိအာဏာတည်စေမည်အကြောင်း၊ ပုလမင်းမစစေခြင်းငှါ၊ ငွေအခွက်တသောင်းကို ဆက်ရ၏။

20. အာရှုရိရှင်ဘုရင်အား ဆက်စရာဘို့၊ မေနဟင် သည် ဣသရေလ အမျိုး၌ငွေခွဲ၍၊ ရတတ်သော သူတိုင်း အကျပ်ငါးဆယ်စီပေးရ၏။ ထိုကြောင့် အာရှုရိရှင်ဘုရင် သည် မနေ၊ မိမိပြည်သို့ ပြန်သွား၏။

21. မေနဟင်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။

22. မေနဟင်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သားတော်ပေကဟိသည် ခမည်းတော်အရာ၌နန်းထိုင်၏။

23. ယုဒရှင်ဘုရင် ဩဇိနန်းစံငါးဆယ်တွင်၊ မေနဟင်သားပေကဟိသည် နန်းထိုင်၍၊ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို နှစ်နှစ်စိုးစံလေ၏။

24. ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၍၊ ဣသရေလအမျိုးကိုပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မစွန့်ဘဲ နေ၏။

25. အမှုတော်ထမ်းတပ်မှူး၊ ရေမလိသားပေကာသည် ပေကဟိမင်းတဘက်၌ သင်းဖွဲ့၍၊ အာဂေါဘနှင့် အရေဟအစရှိသော ဂိလဒ်ပြည်သား ငါးကျိပ်ပါလျက်၊ ရှမာရိမြို့၌နန်းတော်ထဲမှာ သေအောင်လုပ်ကြံ၍ သူ၏ အရာ၌ နန်းထိုင်၏။

26. ပေကဟိပြုမူသော အမှုအရာကြွင်းလေသမျှတို့ သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။

၄ ရာ 15