6. ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို အိမ်တော်အတွင်းသို့သွင်း၍၊ အလွန်သန့်ရှင်းရာဌာနတည်းဟူသော ဗျာဒိတ်ဌာနတော် ထဲမှာ ခေရုဗိမ်အတောင်တို့အောက်၊ သူ့နေရာ၌ ထားကြ၏။
7. ခေရုဗိမ်တို့သည် မိမိအတောင် နှစ်ဘက်ကို သေတ္တာတော်နေရာအပေါ်မှာဖြန့်၍၊ သေတ္တာတော်နှင့် ထမ်းဘိုးတို့ကို လွှမ်းမိုးလျက် ရှိကြ၏။
8. ထမ်းဘိုးတို့ကို ဆွဲထားသဖြင့် ထမ်းဘိုးဖျားတို့သည် ပြင်ခန်း၌ မထင်။ သန့်ရှင်းရာဌာန၊ ဗျာဒိတ်ဌာန တော်၌သာထင်၍ ယနေ့တိုင်အောင် ရှိကြ၏။
9. ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်၍၊ ထာဝရဘုရားသည် သူတို့နှင့် ပဋိညာဉ်ဖွဲ့တော်မူသောအခါ၊ မောရှေသည် ဟောရပ်အရပ်၌ရှိစဉ် သွင်း ထားသော ကျောက်ပြားနှစ်ပြားမှတပါး သေတ္တာတော်ထဲ၌ အဘယ်အရာမျှမရှိ။
10. ယဇ်ပုရောဟိတ်တို့သည် သန့်ရှင်းရာ ဌာနထဲက ထွက်ကြသောအခါ၊ ထာဝရဘုရား၏အိမ်တော်သည် မိုဃ်းတိမ်နှင့်ပြည့်၏။
11. ထိုသို့ ထာဝရဘုရား၏ အိမ်တော်သည် ဘုန်းတော်နှင့်ပြည့်လျက်၊ မိုဃ်းတိမ်တော်ကြောင့် ယဇ်ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင်ရွက်လျက် ရပ်၍ မနေနိုင်ကြ။
12. ရှောလမုန်ကလည်း၊ ထာဝရဘုရားသည် ထူထပ်သော မှောင်မိုက်ထဲမှာနေတော်မူသည်ဟု စကားတော်ရှိ၏။
13. အကယ်စင်စစ် ကိုယ်တော်ကျိန်းဝပ်တော်မူရာ အိမ်၊ အစဉ်အမြဲနေတော်မူရာ ဌာနတော်ကို အကျွန်ုပ်တည်ဆောက်ပါပြီဟု မြွက်ဆို၏။
14. တဖန်ရှင်ဘုရင်သည် လှည့်ကြည့်၍ ဣသရေလအမျိုး ပရိသတ်အပေါင်းကို ကောင်းကြီးပေးတော်မူ၏။ ဣသရေလအမျိုးပရိသတ်အပေါင်းတို့သည် မတ်တပ် နေကြ၏။
15. ရှင်ဘုရင်ကလည်း၊ ထာဝရဘုရား၏ဗျာဒိတ်တော်စကားဟူမူကား၊
16. ငါ၏ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော နေ့ကစ၍ ငါ့နာမတည်ရာအိမ်ကို ဆောက်စေခြင်းငှါ၊ ဣသရေလခရိုင်များတို့တွင် မြို့တစုံ တမြို့ကို ငါမရွေးသေးသော်လည်း၊ ငါ၏လူ ဣသရေလအမျိုးသားတို့ကို အုပ်စိုးစေခြင်းငှါ၊ ဒါဝိဒ်ကို ငါရွေးပြီဟု ငါ့ခမည်းတော်ဒါဝိဒ်အား ဗျာဒိတ်တော်ရှိသည်အတိုင်း ပြုတော်မူသော ဣသရေလအမျိုး၏ဘုရားသခင်ထာဝရ ဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။
17. ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏နာမတော်အဘို့ အိမ်တော်ကို တည်ဆောက်ခြင်းငှါ၊ ငါ့ခမည်းတော်ဒါဝိဒ်သည် အကြံရှိသောအခါ၊
18. ထာဝရဘုရားက၊ သင်သည် ငါ့နာမအဘို့ အိမ်တော်တည်ဆောက်ခြင်းငှါ အကြံရှိသောကြောင့် ကောင်းသောအမှုကို ပြုပြီ။