၃ ရာ 8:50-61 Judson Bible (BJB)

50. ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကိုပြစ်မှားသော်လည်း၊ ကိုယ်တော်ကို ပြစ်မှားလွန်ကျူးခြင်းအပြစ် အလုံးစုံတို့ကို ဖြေရှင်းတော်မူပါ။ သိမ်းသွားသော သူတို့သည် ကိုယ်တော်၏လူတို့ကို သနားစေခြင်းငှါ၊ ကရုဏာစိတ်သဘောကို ပေးတော်မူပါ။

51. အကြောင်းမူကား၊ သူတို့သည် အဲဂုတ္တုပြည်၏ သံမီးဖိုထဲကနှုတ်ယူတော်မူသော ကိုယ်တော်၏လူ၊ အမွေခံရတော်မူသော အမျိုးဖြစ်ပါ၏။

52. ကိုယ်တော်၏ ကျွန်မှစ၍ ကိုယ်တော်၏လူ ဣသရေလအမျိုးသား ဆုတောင်းပဌနာပြုသော စကားအလုံးစုံတို့ကို နားထောင်ခြင်းငှါ ကြည့်ရှုမှတ်ယူ တော်မူပါ။

53. အကြောင်းမူကား၊ အကျွန်ုပ်တို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသောအခါ၊ ကိုယ်တော်၏ကျွန်မောရှေအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးကို ကိုယ်တော်အမွေခံရာဖြစ်စေခြင်းငှါ၊ မြေကြီးသားအမျိုးမျိုးထဲက ရွေးနှုတ်ခွဲထားတော်မူပြီ အရှင်ထာဝရဘုရားဟု ပဌနာပြုလေ၏။

54. ထိုသို့ရှောလမုန်သည် ထာဝရဘုရားရှေ့တော်၌ ဆုတောင်းပဌနာပြု၍ ပြီးသောအခါ၊ ထာဝရဘုရား၏ယဇ်ပလ္လင်ရှေ့မှာ ဒူးထောက်လျက်၊ လက်ဝါးတို့ကို ကောင်းကင်သို့ဖြန့်လျက်နေရာမှထ၍၊

55. မတ်တတ်နေပြီးလျှင်၊ ဣသရေလအမျိုးပရိသတ်အပေါင်းတို့ကို ကျယ်သောအသံနှင့် ကောင်းကြီးပေးသောစကားဟူမူကား၊

56. ဂတိတော်ရှိသမျှအတိုင်း မိမိလူ ဣသရေလအမျိုးကို ငြိမ်ဝပ်စေခြင်းငှါ စီရင်တော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ မိမိကျွန် မောရှေအားဖြင့် ထားတော်မူသော ဂတိတော်ကောင်း တခွန်းမျှမပျက်၊

57. ငါတို့ဘုရားသခင် ထာဝရဘုရားသည် ငါတို့ဘိုးဘေးများနှင့်အတူ ရှိတော်မူသည်နည်းတူ ငါတို့နှင့် အတူ ရှိတော်မူပါစေသော။ ငါတို့ကို အလျှင်းစွန့်ပစ်တော် မမူပါစေနှင့်။

58. လမ်းတော်တို့သို့ လိုက်စေခြင်းငှါ၎င်း၊ ဘိုးဘေးတို့အား မှာထားတော်မူသော စီရင်ထုံးဖွဲ့ချက်ပညတ်တရားတို့ကို စောင့်ရှောက်စေခြင်းငှါ၎င်း၊ ငါတို့စိတ်နှလုံးကို အထံတော်သို့ သွေးဆောင်တော်မူပါစေသော။

59-60. ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို၎င်း၊ အခြားတပါးသော ဘုရားသခင်မရှိကြောင်းကို၎င်း၊ မြေကြီးသားအပေါင်းတို့သည် သိကြမည်အကြောင်း ငါတို့ဘုရားသခင် ထာဝရဘုရားသည် မိမိကျွန်နှင့် မိမိလူဣသရေလအမျိုးသားတို့၏အမှုကို စောင့်စရာအကြောင်း ရှိသည်အတိုင်း၊ အစဉ်စောင့်တော် မူစေခြင်းငှါ ထာဝရဘုရားရှေ့တော်၌ ငါဆုတောင်းသော ဤပဌနာစကားသည် နေ့ညဉ့်မပြတ် အနီးတော်၌ ရှိပါစေသော။

61. သင်တို့သည် ယနေ့ကျင့်သကဲ့သို့၊ ငါတို့ဘုရားသခင် ထာဝရဘုရား စီရင်တော်မူသော လမ်းသို့လိုက်၍ ပညတ်တရားတော်ကို စောင့်ရှောက်ခြင်းငှါ၊ အထံတော်၌ စိတ်နှလုံးစုံလင်ပါစေသောဟု မြွက်ဆိုလေ၏။

၃ ရာ 8