၃ ရာ 8:41-42-54 Judson Bible (BJB)

5. ရှောလမုန်မင်းကြီးမှစ၍ စည်းဝေးသော ဣသရေလပရိသတ်အပေါင်းတို့သည် မရေတွက်နိုင်။ အတိုင်းမသိများစွာသော သိုးနွားတို့ကို သေတ္တာတော်ရှေ့မှာ ယဇ်ပူဇော်ကြ၏။

6. ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို အိမ်တော်အတွင်းသို့သွင်း၍၊ အလွန်သန့်ရှင်းရာဌာနတည်းဟူသော ဗျာဒိတ်ဌာနတော် ထဲမှာ ခေရုဗိမ်အတောင်တို့အောက်၊ သူ့နေရာ၌ ထားကြ၏။

7. ခေရုဗိမ်တို့သည် မိမိအတောင် နှစ်ဘက်ကို သေတ္တာတော်နေရာအပေါ်မှာဖြန့်၍၊ သေတ္တာတော်နှင့် ထမ်းဘိုးတို့ကို လွှမ်းမိုးလျက် ရှိကြ၏။

8. ထမ်းဘိုးတို့ကို ဆွဲထားသဖြင့် ထမ်းဘိုးဖျားတို့သည် ပြင်ခန်း၌ မထင်။ သန့်ရှင်းရာဌာန၊ ဗျာဒိတ်ဌာန တော်၌သာထင်၍ ယနေ့တိုင်အောင် ရှိကြ၏။

9. ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်၍၊ ထာဝရဘုရားသည် သူတို့နှင့် ပဋိညာဉ်ဖွဲ့တော်မူသောအခါ၊ မောရှေသည် ဟောရပ်အရပ်၌ရှိစဉ် သွင်း ထားသော ကျောက်ပြားနှစ်ပြားမှတပါး သေတ္တာတော်ထဲ၌ အဘယ်အရာမျှမရှိ။

41-42. ကိုယ်တော်၏လူ ဣသရေလအမျိုးမဟုတ်၊ တပါးအမျိုးသားတို့သည် ကြီးမြတ်သော နာမတော်၏ သိတင်းနှင့်တန်ခိုးကြီး၍၊ ဆန့်တော်မူသော လက်ရုံးတော် ၏သိတင်းကိုကြားသောကြောင့်၊ နာမတော်ကို ထောက်သဖြင့် ဝေးသောပြည်မှ ရောက်လာ၍၊ ဤအိမ်တော်ကို မှီခိုလျက် ဆုတောင်းလျှင်၊

43. ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ ကိုယ်တော်၏လူဣသရေလ အမျိုးသားတို့သည် ကိုယ်တော်ကို ကြောက်ရွံ့သကဲ့သို့ မြေကြီးသားအပေါင်းတို့သည် ကြောက်ရွံ့လျက်၊ နာမတော်ကို သိစေခြင်းငှါ၎င်း၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကို နာမတော်ဖြင့် သမုတ်ကြောင်းကို သိစေ ခြင်းငှါ၎င်း၊ ထိုတပါးအမျိုးသားတို့သည် ဆုတောင်းသမျှအတိုင်း ကျေးဇူးပြုတော်မူပါ။

44. ကိုယ်တော်စေခိုင်းတော်မူသည်အတိုင်း၊ ကိုယ်တော်၏ လူတို့သည် ရန်သူတို့ရှိရာသို့ စစ်ချီသောအခါ၊ ရွေးတော်မူသောမြို့၊ နာမတော်အဘို့ အကျွန်ုပ် တည်ဆောက်သော အိမ်တော်ကို မှီခိုလျက်၊ ထာဝရဘုရားအားဆုတောင်းကြလျှင်၊

45. သူတို့ ဆုတောင်းပဌနာပြုသော စကားကို ကောင်းကင်ဘုံ၌ နားထောင်၍ သူတို့အမှုကို စောင့်တော်မူပါ။

46. မပြစ်မှားတတ်သော လူတယောက်မျှမရှိသည် ဖြစ်၍၊ ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကို ပြစ်မှားသောကြောင့်၊ အမျက်တော်ထွက်၍ ရန်သူလက်သို့ အပ်တော်မူသဖြင့်၊ ရန်သူတို့သည် ဝေးသောပြည်၊ နီးသောပြည်၊ အခြားတပါးသောပြည်သို့ သိမ်းသွားလျှင်၎င်း၊

47. ထိုပြည်၌ အချုပ်ခံစဉ်၊ သူတို့သည် သတိရ၍၊ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ။ မဖြောင့်သောအမှု၊ ဆိုးညစ်သောအမှုကို ပြုမိပါပြီဟု စိတ်ပြောင်းလဲ၍ တောင်းပန်သဖြင့်၊

48. သိမ်းသွားသောရန်သူတို့၏ ပြည်၌နေစဉ်၊ စိတ်နှလုံးအကြွင်းမဲ့ အထံတော်သို့ ပြန်လာ၍၊ ဘိုးဘေးတို့အား ပေးတော်မူသောပြည်၊ ရွေးတော်မူသောမြို့၊ နာမတော်အဘို့ အကျွန်ုပ်တည်ဆောက်သော အိမ်တော်ကို မှီခိုလျက် ဆုတောင်းလျှင်၎င်း၊

49. သူတို့ဆုတောင်းပဌနာပြုသော စကားကို ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌နားထောင်၍ သူတို့ အမှုကို စောင့်တော်မူပါ။

50. ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကိုပြစ်မှားသော်လည်း၊ ကိုယ်တော်ကို ပြစ်မှားလွန်ကျူးခြင်းအပြစ် အလုံးစုံတို့ကို ဖြေရှင်းတော်မူပါ။ သိမ်းသွားသော သူတို့သည် ကိုယ်တော်၏လူတို့ကို သနားစေခြင်းငှါ၊ ကရုဏာစိတ်သဘောကို ပေးတော်မူပါ။

51. အကြောင်းမူကား၊ သူတို့သည် အဲဂုတ္တုပြည်၏ သံမီးဖိုထဲကနှုတ်ယူတော်မူသော ကိုယ်တော်၏လူ၊ အမွေခံရတော်မူသော အမျိုးဖြစ်ပါ၏။

52. ကိုယ်တော်၏ ကျွန်မှစ၍ ကိုယ်တော်၏လူ ဣသရေလအမျိုးသား ဆုတောင်းပဌနာပြုသော စကားအလုံးစုံတို့ကို နားထောင်ခြင်းငှါ ကြည့်ရှုမှတ်ယူ တော်မူပါ။

53. အကြောင်းမူကား၊ အကျွန်ုပ်တို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသောအခါ၊ ကိုယ်တော်၏ကျွန်မောရှေအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးကို ကိုယ်တော်အမွေခံရာဖြစ်စေခြင်းငှါ၊ မြေကြီးသားအမျိုးမျိုးထဲက ရွေးနှုတ်ခွဲထားတော်မူပြီ အရှင်ထာဝရဘုရားဟု ပဌနာပြုလေ၏။

54. ထိုသို့ရှောလမုန်သည် ထာဝရဘုရားရှေ့တော်၌ ဆုတောင်းပဌနာပြု၍ ပြီးသောအခါ၊ ထာဝရဘုရား၏ယဇ်ပလ္လင်ရှေ့မှာ ဒူးထောက်လျက်၊ လက်ဝါးတို့ကို ကောင်းကင်သို့ဖြန့်လျက်နေရာမှထ၍၊

၃ ရာ 8