၃ ရာ 8:33-39 Judson Bible (BJB)

33. ကိုယ်တော်၏လူ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် ရန်သူရှေ့မှာ ရှုံးရသောအခါ၊ ကိုယ်တော်ထံသို့ ပြန်လာ၍၊ နာမတော်ကိုဝန်ခံလျက်၊ ဤအိမ်တော်ကို မှီခိုလျက် ဆုတောင်း ပဌနာပြုလျှင်၊

34. ကောင်းကင်ဘုံ၌ နားထောင်၍၊ ကိုယ်တော်၏လူ ဣသရေလအမျိုးသားတို့ကို အပြစ်မှလွှတ်တော်မူပါ။ ဘိုးဘေးတို့အား ပေးသနားတော်မူသောပြည်သို့ တဖန် ပို့ဆောင်တော်မူပါ။

35. ကိုယ်တော်ကို ပြစ်မှားသော အပြစ်ကြောင့် မိုဃ်းမရွာ၊ မိုဃ်းခေါင်သဖြင့် ကိုယ်တော်သည် ဆုံးမတော်မူသောအခါ၊ သူတို့သည် ဤအရပ်ဌာနတော်ကို မှီခိုလျက် ဆုတောင်း၍၊ နာမတော်ကိုဝန်ခံလျက် မိမိဒုစရိုက်ကို စွန့်ပယ်လျှင်၊

36. ကောင်းကင်ဘုံ၌နားထောင်၍၊ ကိုယ်တော်၏ကျွန်၊ ကိုယ်တော်၏လူ ဣသရေလအမျိုးတို့ကို အပြစ်မှ လွှတ်တော်မူပါ။ သူတို့လိုက်ရသော လမ်းကောင်းကို ပြညွှန်၍၊ ကိုယ်တော်၏လူတို့အား အမွေပေးသော မြေပေါ်မှာ မိုဃ်းရွာစေတော်မူပါ။

37. ပြည်တော်၌ အစာအာဟာရခေါင်းပါးသော်၎င်း၊ လေထိ၍ အပင်သေသော်၎င်း၊ အရည်ယို၍ သေသော်၎င်း၊ အရာဘကျိုင်း၊ ခါသိလကျိုင်း ကိုက်စားသော်၎င်း၊ ရန်သူတိုက်လာ၍ မြို့ကို ဝိုင်းထားသော်၎င်း၊ ဘေးဥပဒ်၊ အနာရောဂါတစုံတခု ရောက်သောအခါ၊

38. ကိုယ်တော်၏လူ ဣသရေလအမျိုးသားအချို့တို့သည် အသီးအသီးခံရသောဘေးဒဏ်ကိုသိလျက်၊ ဤအိမ်တော်သို့ မိမိတို့လက်ဝါးကို ဖြန့်၍၊ တစုံတခုသော ပဌနာစကားအားဖြင့် ဆုတောင်းလျှင်၊

39. ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။

၃ ရာ 8