30. ခုံတခု၌ကြေးဝါလှည်းဘီးလေးခုစီ၊ ကြေးဝါဝင်ရိုး နှင့်တကွရှိ၏။ အင်တုံတင်စရာဘို့ ခုံလေးထောင့်၌ပခုံးတို့ကို ခုံနှင့်တစပ်တည်း သွန်းလေ၏။
31. အင်တုံဝ၌ပါသော အကွပ်သည် အကျယ်တတောင်ရှိ၏။ အဝသည် ဝိုင်း၍ အချင်းတတောင်ထွာ ရှိ၏။ စတုရန်းလေးထောင့်၌ အပြောက်နှင့်ပြည့်စုံ၏။
32. ဘီးလေးခုတို့သည် ခုံမျက်နှာအောက်မှာနေရာကျလျက်၊ ဝင်ရိုးတို့သည် ခုံနှင့်စပ်လျက်၊ ဘီးအမြင့် တတောင်ထွာရှိ၏။
33. ဘီးပုံကား ရထားဘီးနှင့်တူ၏။ ဝင်ရိုး၊ ဝင်ရိုးအိမ်၊ အကန့်၊ အကွပ်များကို သွန်းလေ၏။
34. ခုံလေးထောင့်၌ တစပ်တည်းသွန်းသော ပခုံးလေးခုရှိသဖြင့်၊
35. ထိုပခုံးပေါ်မှာလုံးပတ်တထွာရှိသော ကွင်းကို တပ်၍၊ ခုံပေါ်မှာ အနားရစ်နှင့် ကိုင်စရာများတို့ကို ခုံနှင့် တစပ်တည်း သွန်းလေ၏။
36. ကိုင်စရာမျက်နှာနှင့် ခုံမျက်နှာပြင်၌ ခေရုဗိမ်၊ ခြင်္သေ့၊ စွန်ပလွံပင်အစရှိသော အပြောက်မျိုး အသီးအသီးထင်ပေါ်လျက်ရှိ၏။
37. ထိုသို့ပုံသဏ္ဌာန်အလုံးအရပ်တူအောင်၊ အင်တုံ တင်ရာခုံတဆယ်ကို သွန်း၍ပြီးလေ၏။
38. အဝန်းလေးတောင်ကျယ်၍၊ ရေဗတ်လေးဆယ်ဝင်နိုင်သော ကြေးဝါအင်တုံတဆယ်ကိုလည်း လုပ်၍၊ ခုံတခုပေါ်မှာ အင်တုံတလုံးစီ တင်ထားလေ၏။
39. အိမ်တော်လက်ျာဘက်၌ ခုံငါးခု၊ လက်ဝဲဘက်၌ ငါးခုကိုထား၍ ရေကန်ကိုကား၊ အိမ်တော်လက်ျာဘက် အရှေ့တောင်ထောင့်၌ နေရာချ၏။
40. ဟိရံသည်အိုးများ၊ ရေမှုတ်များ၊ အင်တုံငယ်များကိုလည်း လုပ်သဖြင့်၊ ရှောလမုန် မင်းကြီးအဘို့ ထာဝရ ဘုရား၏အိမ်တော်၌ လက်စသတ်သောအရာများဟူမူကား၊
41. တိုင်နှစ်တိုင်၊ တိုင်ထိပ်အထွဋ်နှစ်ခု၊ တိုင်ထိပ်အထွဋ်ကို ဖုံးလွှမ်းစရာကွန်ရွက်နှစ်ရွက်၊
42. ဖုံးလွှမ်းစရာကွန်ရွက် တရွက်အဘို့သလဲသီး နှစ်တန်းစီ၊ သလဲသီးပေါင်းလေးရာ၊
43. ခုံဆယ်ခု၊ ခုံပေါ်မှာ တင်ထားသော အင်တုံဆယ်လုံး၊
44. ရေကန်တကန်၊ ရေကန်ကို ထောက်သော နွားတဆယ်နှစ်ခု၊
45. အိုးများ၊ ရေမှုတ်များ၊ အင်တုံငယ်များတည်း။ ရှောလမုန်မင်းကြီးအဘို့ ဟိရံလုပ်သမျှသော ထာဝရဘုရား၏ အိမ်တော်တန်ဆာတို့သည် ပြောင်ပြောင်တောက်သော ကြေးဝါဖြင့် ပြီးကြ၏။
46. ယော်ဒန်ချိုင့်၊ သကုတ်မြို့နှင့် ဇာသန်မြို့စပ်ကြားတွင် သရွတ်လုပ်စရာကောင်းသော မြေ၌ ရှင်ဘုရင်သွန်းလေ၏။