၃ ရာ 7:29-35 Judson Bible (BJB)

29. ခြင်္သေ့၊ နွား၊ ခေရုဗိမ်အပြောက်ရှိ၏။ အနားရစ် အပေါ်မှာ ခုံတခုတင်လျက် ရှိ၏။ ခြင်္သေ့နှင့်နွားအောက် ၌လည်း အပြောက်မျိုးရှိ၏။

30. ခုံတခု၌ကြေးဝါလှည်းဘီးလေးခုစီ၊ ကြေးဝါဝင်ရိုး နှင့်တကွရှိ၏။ အင်တုံတင်စရာဘို့ ခုံလေးထောင့်၌ပခုံးတို့ကို ခုံနှင့်တစပ်တည်း သွန်းလေ၏။

31. အင်တုံဝ၌ပါသော အကွပ်သည် အကျယ်တတောင်ရှိ၏။ အဝသည် ဝိုင်း၍ အချင်းတတောင်ထွာ ရှိ၏။ စတုရန်းလေးထောင့်၌ အပြောက်နှင့်ပြည့်စုံ၏။

32. ဘီးလေးခုတို့သည် ခုံမျက်နှာအောက်မှာနေရာကျလျက်၊ ဝင်ရိုးတို့သည် ခုံနှင့်စပ်လျက်၊ ဘီးအမြင့် တတောင်ထွာရှိ၏။

33. ဘီးပုံကား ရထားဘီးနှင့်တူ၏။ ဝင်ရိုး၊ ဝင်ရိုးအိမ်၊ အကန့်၊ အကွပ်များကို သွန်းလေ၏။

34. ခုံလေးထောင့်၌ တစပ်တည်းသွန်းသော ပခုံးလေးခုရှိသဖြင့်၊

35. ထိုပခုံးပေါ်မှာလုံးပတ်တထွာရှိသော ကွင်းကို တပ်၍၊ ခုံပေါ်မှာ အနားရစ်နှင့် ကိုင်စရာများတို့ကို ခုံနှင့် တစပ်တည်း သွန်းလေ၏။

၃ ရာ 7