12. တန်တိုင်းကြီးသည် ဆစ်သောကျောက်သုံးတန်း၊ အာရဇ်သစ်ကြီးတတန်းဖြင့်ပြီး၏။ ဗိမာန်တော်အတွင်း တန်တိုင်း၊ နန်းတော်ကနားပြင်တန်တိုင်းတို့သည် ထိုအတူ ပြီးကြ၏။
13. ရှောလမုန်သည်လည်း၊ လူကိုစေလွှတ်၍ တုရုမြို့မှ ဟိရံကို ခေါ်လေ၏။
14. ထိုဟိရံကား၊ နဿလိအမျိုးမုတ်ဆိုးမသားဖြစ်၏။ သူ၏အဘကား၊ တုရုအမျိုးသားပန်းတဉ်းသမား ဖြစ်၏။ သားသည်လည်း ကြေးဝါအလုပ်ခပ်သိမ်းကို လုပ်တတ်သော ဥာဏ်ပညာနှင့်ပြည့်စုံသဖြင့်၊ ရှောလမုန်မင်းကြီးထံသို့လာ၍ အလုပ်ရှိသမျှကို ပြီးစီးစေ၏။
15. ထိုသူသည်အမြင့်တဆယ်ရှစ်တောင်၊ လုံးပတ်တဆယ်နှစ်တောင်ရှိသော ကြေးဝါတိုင်နှစ်တိုင်ကို သွန်းလေ၏။
16. တိုင်အပေါ်မှာ တင်စရာဘို့ အမြင့်ငါးတောင်ရှိသော ကြေးဝါတိုင်ထိပ်နှစ်ခုကိုလည်း သွန်းလေ၏။
17. ကြေးဝါကွန်ရွက်နှင့်ကြေးဝါကြိုးတို့ကိုလည်း လုပ်၍၊ တိုင်တတိုင်လျှင် ကွန်ရွက်ခုနစ်ခုစီဖြင့် တိုင်ထိပ်ပေါ်မှာ ဖုံးလွှမ်းလေ၏။
18. ကြေးဝါသလဲသီးတို့ကိုလည်း လုပ်၍၊ တိုင်ထိပ် ကွန်ရွက်အပေါ်မှာ ထိပ်တခုလျှင် သလဲသီးနှစ်တန်းစီဖြင့် တန်ဆာဆင်လေ၏။
19. ကနားပြင်ထဲမှာ စိုက်ထားသော ထိုတိုင်ထိပ်တို့သည် ကြာပွင့်နှင့် ပုံတူ၍ အချင်းလေးတောင်ရှိ၏။
20. တိုင်ထိပ်နှစ်ခုတို့သည် ကွန်ရွက်နှင့် နီးစပ်သောထုပိကာအပေါ်မှာ တည်လျက်၊ တိုင်ထိပ်တခု၌သလဲသီး နှစ်တန်းစီနှင့် အလုံးနှစ်ရာစီရှိကြ၏။
21. ထိုတိုင်တို့ကို ဗိမာန်တော်ကနားပြင်ထဲမှာ စိုက်ထား၍ လက်ျာတိုင်ကိုယာခိန်၊ လက်ဝဲတိုင်ကို ဗောဇအမည်ဖြင့် မှည့်လေ၏။
22. တိုင်ထိပ်အပေါ်မှာ ကြာပွင့်အပြောက်ရှိသည်ဖြစ်၍ တိုင်တို့သည် စေ့စုံကြ၏။
23. အချင်းဆယ်တောင်၊ အဝန်းအတောင်သုံးဆယ်၊ အစောက်ငါးတောင်ရှိသော ကြေးဝါရေကန်ကိုလည်း လုပ်လေ၏။