1. တဖန်ရှောလမုန်သည် တဆယ်သုံးနှစ်ပတ်လုံး နန်းတော်ကို တည်ဆောက်၍ လက်စသတ်လေ၏။
2. နန်းတော်ကို လေဗနုန်တောသစ်သားဖြင့် ဆောက်၍၊ အလျားအတောင်တရာ၊ အနံအတောင်ငါးဆယ်၊ အမြင့်အတောင်သုံးဆယ်ရှိ၏။ အာရဇ်တိုင် လေးစဉ်၊ အာရဇ်ရက်မများနှင့် ဆောက်၏။
3. တိုင်တစဉ်လျှင် ဆယ်ငါးတိုင်စီရှိ၍ တိုင် ပေါင်းခြောက်ဆယ်အပေါ်မှာ အခြင်တို့ကို တင်လျက်၊ အာရဇ်ပျဉ်ပြားနှင့်မိုးလေ၏။
4. အလင်းဝင်စရာပြတင်းပေါက်သုံးတန်စီ အဆင့် ဆင့်မျက်နှာချင်းဆိုင်လျက် တဘက်တချက်၌ ရှိကြ၏။
5. တံခါးပေါက်ရှိသမျှတံခါးတိုင်ရှိသမျှတို့သည် စတုရန်းလေးထောင့်ဖြစ်ကြ၏။
6. တိုင်များ၊ ထုပ်ကြီးများနှင့်ပြည့်စုံ၍ အလျား အတောင်ငါးဆယ်၊ အနံအတောင်သုံးဆယ်ရှိသော ကနားပြင်ကိုလည်း လုပ်လေ၏။
7. တရားစီရင်ရာ ကနားပြင်တည်းဟူသော တရားပလ္လင်တည်ရာ ကနားပြင်ကိုလည်းလုပ်၍၊ ကြမ်းတဘက်မှ တဘက်တိုင်အောင် အာရဇ်ပျဉ်ပြားတို့နှင့်မိုးလေ၏။
8. နန်းတော်နှင့်ဆိုင်သော ထိုကနားပြင်နှစ်ဆောင် စပ်ကြားမှာ တန်တိုင်းလည်းရှိ၏။ ရှောလမုန်စုံဘက်သော ဖာရောဘုရင်၏သမီးစံနန်းကိုလည်း တရားစီရင်ရာ ကနားပြင်နှင့်တူအောင် ဆောက်လေ၏။
9. တန်တိုင်းကြီး ပြင်ဘက်တိုင်အောင်၎င်း၊ အမြစ်မှစ၍ ထိပ်တိုင်အောင်၎င်း၊ ကျောက်ဆစ်ပမာဏနှင့်အညီ၊ နှစ်ဘက်စလုံး လွှနှင့်တိုက်သောကျောက်၊ ထူးဆန်းသော ကျောက်တို့ဖြင့် ပြီးကြ၏။ အမြစ်သည်လည်း အလျားရှစ်တောင်၊ ဆယ်တောင်ရှိသော ကျောက်၊ ထူးဆန်းသော ကျောက်တို့ဖြင့် ပြီးကြ၏။
10. အမြစ်သည်လည်း အလျားရှစ်တောင်၊ ဆယ်တောင်ရှိသော ကျောက်၊ ထူးဆန်းသောကျောက်ကြီးတို့ဖြင့် ပြီး၏။
11. အမြစ်ပေါ်မှာလည်း ကျောက်ဆစ်ပမာဏနှင့် အညီ လုပ်သောကျောက်၊ ထူးဆန်းသောကျောက်နှင့် အာရဇ်သစ်သားရှိ၏။
12. တန်တိုင်းကြီးသည် ဆစ်သောကျောက်သုံးတန်း၊ အာရဇ်သစ်ကြီးတတန်းဖြင့်ပြီး၏။ ဗိမာန်တော်အတွင်း တန်တိုင်း၊ နန်းတော်ကနားပြင်တန်တိုင်းတို့သည် ထိုအတူ ပြီးကြ၏။