1. ရှောလမုန်သည် အဲဂုတ္တုဖာရောဘုရင်နှင့် မိတ်ဆွေဖွဲ့လျက်၊ သမီးတော်နှင့်စုံဘက်၍ နန်းတော်၊ ဗိမာန်တော်၊ ယေရုရှလင်မြို့ရိုးကို မပြီးမှီတိုင်အောင် ဒါဝိဒ်မြို့၌ နေရာပေးတော်မူ၏။
2. ထိုကာလ၌ ထာဝရဘုရား၏ နာမတော်အဘို့အိမ်တော်ကို မတည်သေးသောကြောင့်၊ လူများတို့သည် မြင့်သောအရပ်တို့၌ ယဇ်ပူဇော်တတ်ကြ၏။
3. ရှောလမုန်သည် ထာဝရဘုရားကို ချစ်၍ ခမည်းတော်ဒါဝိဒ်၏စီရင်ချက်တို့ကို စောင့်ရှောက်တတ်၏။ သို့ရာတွင် မြင့်သောအရပ်တို့၌ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့၏။
4. တရံရောအခါ၊ ရှင်ဘုရင်သည် ယဇ်ပူဇော်ခြင်းငှါ အလွန်မြင့်မြတ်သော အရပ်တည်းဟူသော ဂိဗောင်မြို့သို့သွား၍ ထိုယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တထောင် ကို ပူဇော်လေ၏။
5. ထိုမြို့၌ထာဝရဘုရားသည် ညဉ့်အခါ အိပ်မက်တွင် ရှောလမုန်အား ထင်ရှားလျက်၊ ငါပေးရမည်ဆုကို တောင်းလော့ဟု ဘုရားသခင် မိန့်တော်မူ၏။
6. ရှောလမုန်ကလည်း၊ ကိုယ်တော်၏ကျွန် အကျွန်ုပ်၏အဘဒါဝိဒ်သည် ရှေ့တော်၌ သဘောဖြောင့်၍ သမ္မာတရား၊ ဖြောင့်မတ်ခြင်းတရားအတိုင်း ကျင့်သည်နှင့်အညီ၊ သူ၌များစွာသော ကျေးဇူးကို ပြုတော်မူပြီ။ ယနေ့တွင်ရှိသည်အတိုင်း၊ သူ၏ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သားကိုသူ့အား ပေးသနားတော်မူသဖြင့်၊ သူ့အဘို့ကျေးဇူးတရားကို စောင့်ရှောက်တော်မူပြီ။
7. ယခုမှာ အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ကျွန်ကို အဘဒါဝိဒ်၏ကိုယ်စား ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီ။ သို့ရာတွင် အကျွန်ုပ်သည် သူငယ်ဖြစ်ပါ၏။ ထွက်ဝင်ခြင်းငှါ မတတ်နိုင်ပါ။
8. ရွေးချယ်တော်မူ၍ အရေအတွက်အားဖြင့် အတိုင်းမသိ များပြားစွာသော ကိုယ်တော်၏လူမျိုးကြီး အလယ်၌ ကိုယ်တော်ကျွန်ရှိပါ၏။
9. သို့ဖြစ်၍ ကိုယ်တော်ကျွန်သည် ကိုယ်တော်၏လူတို့ကို တရားစီရင်နိုင်မည်အကြောင်း ကောင်းမကောင်းကို ပိုင်းခြား၍ သိတတ်သောဥာဏ်ကို ပေးသနားတော်မူပါ။ ဤမျှလောက်များစွာသော ကိုယ်တော်၏ လူတို့ကို အဘယ်သူသည် ကိုယ်အလိုအလျောက် တရားစီရင်နိုင်ပါမည်နည်းဟု တောင်းလျှောက်၏။
10. ထိုသို့ရှောလမုန်တောင်းလျှောက်သော ပဌနာစကားကို ထာဝရဘုရားသည် နှစ်သက်တော်မူ၏။
11. ဘုရားသခင်ကလည်း၊ သင်သည်တာရှည်သော အသက်ကိုမတောင်း၊ စည်းစိမ်ကိုလည်းမတောင်း၊ ရန်သူတို့၏အသက်ကိုလည်း မတောင်း၊ တရားစီရင်ခြင်းငှါ တတ်နိုင်သောဥာဏ်ကိုသာ ကိုယ်အဘို့တောင်းလျှောက် သောကြောင့်၊
12. သင်တောင်းလျှောက်သည်အတိုင်း ငါပေး၏။
13. ထိုမှတပါးသင်နှင့်တူသော ရှင်ဘုရင်တယောက်ကိုမျှ သင့်လက်ထက်၌ မရှိစေခြင်းငှါ၊ သင်မတောင်းသောဆု၊ စည်းစိမ်ဥစ္စာ၊ ဂုဏ်အသရေကို ငါပေး၏။