5. တဖန်ယောရှဖတ်က၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ယနေ့မေးမြန်းပါလော့ဟု ဣသရေလ ရှင်ဘုရင်အားဆိုသော်၊
6. ဣသရေလရှင်ဘုရင်သည် ပရောဖက်လေးရာတို့ကို စုဝေးစေပြီးလျှင်၊ ငါသည်ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲ နေကောင်းသလောဟု မေးသော်၊ သူတို့ကချီတော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏လက်တော်သို့ အပ်တော်မူမည်ဟု လျှောက်ကြ၏။
7. ယောရှဖတ်ကလည်း၊ ငါတို့မေးမြန်းစရာ ထာဝရဘုရား၏ ပရောဖက်တစုံ တပါးမျှမရှိသလောဟု မေးသော်၊
8. ဣသရေလရှင်ဘုရင်က၊ ထာဝရဘုရားကို မေးမြန်းရသော သူတယောက်ဣမလသား မိက္ခာရှိသေး၏။ သို့ရာတွင် ထိုသူကို ငါမုန်း၏။ ငါ၌ မင်္ဂလာစကားကို မဟော။ အမင်္ဂလာစကားကိုသာ ဟောတတ်သည်ဟု ယောရှဖတ်အားဆိုလျှင်၊ ယောရှဖတ်က ထိုသို့မင်းကြီး မပြောပါနှင့်ဟု ပြန်ဆို၏။
9. ထိုအခါ ဣသရေလရှင်ဘုရင်သည် အရာရှိတယောက်ကိုခေါ်၍၊ ဣမလသားမိက္ခာကို အလျင်အမြန်ခေါ်ခဲ့ဟု မိန့်တော်မူ၏။