36. လူအပေါင်းတို့၊ ကိုယ်နေသော မြို့ပြည်သို့ ပြန်သွားကြဟု နေဝင်သောအခါ တတပ်လုံးကို ကြွေးကြော်လေ၏။
37. ထိုသို့ရှင်ဘုရင်သေ၍ ရှမာရိမြို့သို့ ရောက်သဖြင့် သင်္ဂြိုဟ်ခြင်းကို ခံရ၏။
38. ရထားတော်နှင့် လက်နက်တော်ကို ရှမာရိမြို့ ရေကန်၌ ဆေးသဖြင့်၊ ထာဝရဘုရားမိန့်တော်မူသော စကားနှင့်အညီခွေးတို့သည် အသွေးကို လျက်ကြ၏။
39. အာဟပ်ပြုမူသော အမှုအရာကြွင်းလေသမျှတို့နှင့် တည်ဆောက်သော ဆင်စွယ်နန်း၊ ပြုစုသောမြို့တို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
40. အာဟပ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သားတော်အာခဇိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
41. ဣသရေလရှင်ဘုရင် အာဟပ်နန်းစံလေးနှစ်တွင် အာသသား ယောရှဖတ်သည် အသက်သုံးဆယ် ငါးနှစ်ရှိသော် ယုဒနိုင်ငံကို အစိုးရ၍၊
42. ယေရုရှလင်မြို့၌ နှစ်ဆယ်ငါးနှစ်စိုးစံလေ၏။ မယ်တော်ကား ရှိလဟိသမီးအဇုဘအမည်ရှိ၏။
43. ထိုမင်းသည်ခမည်းတော် အာသလိုက်သောလမ်းကိုမလွှဲ၊ အကုန်အစင်လိုက်၍ ထာဝရဘုရားရှေ့တော်၌ ဖြောင့်မတ်သော အကျင့်ကိုသာ ကျင့်၏။ သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသောကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ကြ၏။
44. ယောရှဖတ်မင်းသည် ဣသရေလရှင်ဘုရင်နှင့် စစ်မတိုက် မိဿဟာယဖွဲ့လေ၏။
45. ယောရှဖတ်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် တန်ခိုးကြီးခြင်း၊ စစ်တိုက်ခြင်းအရာတို့သည် ယုဒရာဇဝင်၌ ရေးထားလျက် ရှိ၏။
46. ခမည်းတော်အာသလက်ထက်၌ ကျန်ကြွင်းသေးသော ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာ တို့ကို ပြည်တော်မှ သုတ်သင်ပယ်ရှင်းလေ၏။
47. ထိုကာလ၊ ဧဒုံပြည်၌ ရှင်ဘုရင်မရှိ။ ယုဒရှင်ဘုရင်ခန့်ထားသော မြို့ဝန်မင်း စီရင်ရ၏။