32. ရထားစီးသူရဲအုပ်ဗိုလ်မင်းတို့သည် ယောရှဖတ်ကိုမြင်သောအခါ၊ အကယ်စင်စစ်ထိုသူသည် ဣသရေလ ရှင်ဘုရင်ဖြစ်လိမ့်မည်ဟု ဆိုလျက်သူ့ကို တိုက်အံ့သောငှါ လမ်းလွှဲကြ၍၊ ယောရှဖတ်လည်း ကြွေးကြော်လေ၏။
33. ဣသရေလရှင်ဘုရင် မဟုတ်ကြောင်းကို ရထားစီးသူရဲအုပ်ဗိုလ်မင်းတို့သည် ရိပ်မိသောအခါ၊ မလိုက်ဘဲ အခြားသို့ ရှောင်သွားကြ၏။
34. လူတယောက်သည် မရွယ်ဘဲလေးနှင့်ပစ်၍၊ ဣသရေလရှင်ဘုရင်ကို သံချပ်အင်္ကျီအဆစ်ကြားမှာ မှန်လေသော်၊ ငါ့ကိုစစ်ပွဲထဲက လှည့်၍ ထုတ်ဆောင် လော့။ ငါနာသည်ဟု မိမိရထားတော်ထိန်းကို ဆို၏။
35. ထိုနေ့၌တိုး၍ တိုက်ကြ၏။ ရှင်ဘုရင်သည် ရှုရိလူတဘက်တချက်၌ရထားတော်ထဲမှာ လူကိုမှီ၍ ထိုင်နေ၏။ ညဦးယံ၌ အသက်တော်ကုန်၏။ ထိခိုက်ရာ အနာမှအသွေးသည်ရထားထဲသို့ယို၏။
36. လူအပေါင်းတို့၊ ကိုယ်နေသော မြို့ပြည်သို့ ပြန်သွားကြဟု နေဝင်သောအခါ တတပ်လုံးကို ကြွေးကြော်လေ၏။
37. ထိုသို့ရှင်ဘုရင်သေ၍ ရှမာရိမြို့သို့ ရောက်သဖြင့် သင်္ဂြိုဟ်ခြင်းကို ခံရ၏။
38. ရထားတော်နှင့် လက်နက်တော်ကို ရှမာရိမြို့ ရေကန်၌ ဆေးသဖြင့်၊ ထာဝရဘုရားမိန့်တော်မူသော စကားနှင့်အညီခွေးတို့သည် အသွေးကို လျက်ကြ၏။
39. အာဟပ်ပြုမူသော အမှုအရာကြွင်းလေသမျှတို့နှင့် တည်ဆောက်သော ဆင်စွယ်နန်း၊ ပြုစုသောမြို့တို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
40. အာဟပ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သားတော်အာခဇိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
41. ဣသရေလရှင်ဘုရင် အာဟပ်နန်းစံလေးနှစ်တွင် အာသသား ယောရှဖတ်သည် အသက်သုံးဆယ် ငါးနှစ်ရှိသော် ယုဒနိုင်ငံကို အစိုးရ၍၊
42. ယေရုရှလင်မြို့၌ နှစ်ဆယ်ငါးနှစ်စိုးစံလေ၏။ မယ်တော်ကား ရှိလဟိသမီးအဇုဘအမည်ရှိ၏။
43. ထိုမင်းသည်ခမည်းတော် အာသလိုက်သောလမ်းကိုမလွှဲ၊ အကုန်အစင်လိုက်၍ ထာဝရဘုရားရှေ့တော်၌ ဖြောင့်မတ်သော အကျင့်ကိုသာ ကျင့်၏။ သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသောကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ကြ၏။
44. ယောရှဖတ်မင်းသည် ဣသရေလရှင်ဘုရင်နှင့် စစ်မတိုက် မိဿဟာယဖွဲ့လေ၏။