၃ ရာ 15:4-19 Judson Bible (BJB)

4. သို့သော်လည်း ဒါဝိဒ်၏မျက်နှာကိုထောက်၍၊ သူ၏ဘုရားသခင် ထာဝရဘုရားသည် ဆွေတော်မျိုးတော်ကို ချီးမြှောက်၍၊ ယေရုရှလင်မြို့ကို တည်စေသဖြင့်၊ ထိုမြို့၌ ဒါဝိဒ်၏မီးခွက်ကို ထွန်းလင်းစေတော်မူ၏။

5. အကြောင်းမူကား၊ ဒါဝိဒ်သည် ဟိတ္တိအမျိုးဥရိယအမှုကိုထားလျှင်၊ တသက်လုံးထာဝရဘုရားမှာ ထားတော်မူသော အမှုတစုံတခုကိုမျှ မရှောင်၊ ရှေ့တော်၌ တရားသဖြင့် ကျင့်သောအကြောင်းတည်း။

6. ရောဗောင်သားအဘိယနှင့် ယေရောဗောင်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ၏။

7. အဘိယပြုမူသောအမှုအရာ ကြွင်းသမျှတို့သည် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ၏။

8. အဘိယသည်ဘိုးဘေးတို့နှင့် အိပ်ပျော်၍ ဒါဝိဒ် မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာသသည် ခမည်းတော်အရာ၌ နန်းထိုင်၏။

9. ဣသရေလရှင်ဘုရင် ယေရောဗောင် နန်းစံ နှစ်ဆယ်တွင်၊ အာသသည် ယေရုရှလင်မြို့၌ လေးဆယ် တနှစ်မင်းပြု၍ ယုဒပြည်ကို စိုးစံလေ၏။

10. အဘွားတော်ကား၊ အဘရှလုံ၏သမီး မာခါ ဖြစ်၏။

11. အာသသည် အဘိတော်ဒါဝိဒ်ပြုသကဲ့သို့ ထာဝရဘုရားရှေ့တော်၌ တရားသဖြင့်ပြု၏။

12. ယောက်ျားအလိုသို့ လိုက်တတ်သောမိန်းမလျှာ တို့ကို၎င်း၊ ဘိုးတော်ဘေးတော်လုပ်သော ရုပ်တုရှိသမျှ တို့ကို၎င်း၊ ပြည်တော်ထဲက ပယ်ရှားတော်မူ၏။

13. အဘွားတော်မာခါသည် အာရှရပင်အဘို့ ရုပ်တုကိုလုပ်သောကြောင့်၊ မိဖုရားအရာကိုနှုတ်၍၊ ရုပ်တုကို ဖျက်ဆီးပြီးလျှင်၊ ကေဒြုန်ချောင်းနားမှာ မီးရှို့တော်မူ၏။

14. မြင့်သောအရပ်တို့ကို မပယ်ရှားသော်လည်း၊ လက်ထက်တော် ကာလပတ်လုံး၊ အာသစိတ်နှလုံးသည် ထာဝရဘုရားရှေ့တော်၌ စုံလင်ခြင်းရှိ၏။

15. ခမည်းတော်လှူသောဥစ္စာ၊ ကိုယ်တိုင်လှူသော ဥစ္စာ၊ ရွှေ၊ ငွေတန်ဆာများကို ဗိမာန်တော်ထဲသို့ သွင်းတော်မူ၏။

16. အာသနှင့် ဣသရေလရှင်ဘုရင် ဗာရှာတို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ၏။

17. ဣသရေလရှင်ဘုရင် ဗာရှာသည် ယုဒပြည်သို့ စစ်ချီ၍၊ ယုဒရှင်ဘုရင်အာသထံသို့ အဘယ်သူမျှ မထွက် မဝင်စေခြင်းငှါ ရာမမြို့ကို တည်၏။

18. ထိုအခါ ကျန်ကြွင်းသော ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာတည်းဟူသော ရွှေငွေရှိသမျှကို အာသသည်ယူ၍ မိမိကျွန်တို့၌ အပ်သဖြင့်၊ ဒမာသက်မြို့မှာနေသောရှုရိရှင်ဘုရင် ရေဇုန်သား တာဗရိမုန်၏သား ဗင်္ဟာဒဒ်ထံသို့ပေးလိုက်၍၊

19. ငါသည်သင်နှင့်၎င်း၊ ငါ့ခမည်းတော်သည် သင့်ခမည်းတော်နှင့်၎င်း၊ မိဿဟာယဖွဲ့ခြင်းရှိသည်ဖြစ်၍၊ ရွှေငွေကို ငါလက်ဆောင်ပေးလိုက်၏။ ဣသရေလ ရှင်ဘုရင်ဗာရှာသည် ငါ့ထံမှ ထွက်သွားစေခြင်းငှါ၊ သူနှင့် ဖွဲ့သောမိဿဟာယကို ဖျက်၍လာပါဟု မှာလိုက်လေ၏။

၃ ရာ 15