21. ထိုသိတင်းကို ဗာရှာသည် ကြားသောအခါ၊ ရာမမြို့ကို လက်စမသတ်ဘဲ တိရဇမြို့၌ နေရ၏။
22. ထိုအခါ အာသမင်းကြီးသည် ယုဒပြည် တရှောက်လုံးတွင် အမိန့်တော်ကို ကြော်ငြာစေသဖြင့်၊ ပြည်သားတယောက်မျှ မလွတ်၊ ရှိသမျှတို့သည် ရာမမြို့၌ ဗာရှာမင်းသွင်းသောကျောက်နှင့် သစ်သားကိုယူသွား ကြ၍၊ အာသမင်းကြီးသည် ဗင်္ယာမိန်ခရိုင်၌ ဂေဘမြို့နှင့် မိဇပါမြို့ကို တည်၏။
23. အာသမင်းပြုမူသောအမှုအရာကြွင်းသမျှနှင့် တန်ခိုးကြီးခြင်း၊ မြို့များကိုတည်ခြင်းအရာတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ သို့ရာတွင် အသက်ကြီးသောအခါ ခြေတော်၌ အနာရောဂါစွဲသဖြင့်၊
24. ဘိုးဘေးတို့နှင့်အိပ်ပျော်၍ အဘိတော်ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်ယောရှဖတ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
25. ယုဒရှင်ဘုရင် အာသနန်းစံနှစ်နှစ်တွင်၊ ယေရောဗောင်သား နာဒဒ်သည် ဣသရေလနိုင်ငံ၌ မင်းပြု၍ နှစ်နှစ်စိုးစံ၏။
26. ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ခမည်းတော်လိုက်သောလမ်း၊ ဣသရေလအမျိုးကို ပြစ်မှားစေသောလမ်းသို့ လိုက်လေ၏။
27. ဣသခါအမျိုး၊ အဟိယသားဗာရှာသည်သင်းဖွဲ့၍၊ နာဒဒ်မင်းနှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် ဖိလိတ္တိပြည် ဂိဗေသုန်မြို့ကို ဝိုင်းထားကြစဉ်၊
28. ယုဒရှင်ဘုရင်အာသနန်းစံသုံးနှစ်တွင်၊ ဗာရှာသည် နာဒဒ်မင်းကို လုပ်ကြံ၍ နန်းထိုင်လေ၏။
29. နန်းထိုင်သောအခါ ယေရောဗောင်အမျိုးရှိသမျှကိုလည်း လုပ်ကြံ၏။ ထာဝရဘုရားသည်မိမိကျွန်၊ ရှိလောမြို့သား အဟိယအားဖြင့် မိန့်တော်မူသည် အတိုင်း၊ ယေရောဗောင်အမျိုးကို မဖျက်မှီတိုင်အောင်၊ အသက်ရှူသောသူတယောက်ကိုမျှ မချန်မထား။
30. အကြောင်းမူကား၊ ယေရောဗောင်သည် ကိုယ်တိုင်ပြစ်မှားသော အပြစ်နှင့် ဣသရေလအမျိုးကိုလည်း ပြစ်မှားစေသော အပြစ်အားဖြင့်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်သောအကြောင်းတည်း။
31. နာဒဒ်မင်းပြုမူသော အမှုအရာကြွင်းသမျှတို့သည် ဣသရေလရာဇဝင်၌ရေးထားလျက် ရှိ၏။
32. အာသနှင့် ဣသရေလရှင်ဘုရင်ဗာရှာတို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ၏။