၃ ရာ 12:15-30 Judson Bible (BJB)

15. ရှင်ဘုရင်သည် ပြည်သားတို့၏ စကားကိုနားမထောင်ရသည်အကြောင်းကား၊ ထာဝရဘုရားသည် ရှိလောမြို့သား အဟိယအားဖြင့် နေဗတ်၏သား ယေရောဗောင်အား မိန့်တော်မူသောစကားကို ပြည့်စုံစေ တော်မူမည်အကြောင်းတည်း။

16. ဣသရေလအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင် နားမထောင်ကြောင်းကို သိမြင်လျှင်၊ ငါတို့သည် ဒါဝိဒ်နှင့်အဘယ်သို့ဆက်ဆံသနည်း။ ယေရှဲ၏သားနှင့် အဘယ်သို့ အမွေခံရသေးသနည်း။ အိုဣသရေလအမျိုး၊ သင်တို့နေရာသို့ သွားကြ။ အိုဒါဝိဒ်၊ သင်၏အိမ်ကို ကြည့်ရှုလော့ဟု ရှင်ဘုရင်အားပြန်ပြောလျက်၊ ဣသရေလလူတို့သည် မိမိတို့နေရာသို့ပြန်သွားကြ၏။

17. သို့ရာတွင် ယုဒမြို့ရွာတို့၌နေသော ဣသရေလလူတို့ကို ရောဗောင်သည် အုပ်စိုးရသေး၏။

18. ထိုအခါ ရောဗောင်မင်းကြီးသည် အခွန်တော်ဝန် အဒေါနိရံကို စေလွှတ်၍ ဣသရေလလူအပေါင်းတို့သည် သူ့ကိုသေအောင် ကျောက်ခဲနှင့် ပစ်ကြ၏။

19. ရောဗောင်မင်းကြီးသည် ရထားတော်ကို အလျင်အမြန်တက်၍ ယေရုရှလင်မြို့သို့ပြေးလေ၏။ ထိုသို့ ဣသရေလအမျိုးသည် ယနေ့တိုင်အောင် ဒါဝိဒ် မင်းမျိုးကို ပုန်ကန်ကြ၏။

20. ယေရောဗောင်ပြန်လာကြောင်းကို ဣသရေလ အမျိုးသားအပေါင်းတို့သည် ကြားသောအခါ၊ လူကို စေလွှတ်၍၊ ယေရောဗောင်ကို စည်းဝေးရာ ပရိသတ်ထံသို့ ခေါ်ပြီးလျှင်၊ ဣသရေလအမျိုးကို အုပ်စိုးသော ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ယုဒအမျိုးမှတပါး အဘယ်အမျိုးမျှ ဒါဝိဒ်မင်းမျိုးသို့ မဆည်းကပ်။

21. ရောဗောင်သည် ယေရုရှလင်မြို့သို့ ရောက်သောအခါ၊ ဣသရေလအမျိုးကို စစ်တိုက်၍ နိုင်ငံတော်ကို ရှောလမုန်သား ရောဗောင်လက်သို့ရောက်ပြန်စေခြင်းငှါ၊ ဗင်္ယာမိန်အမျိုးနှင့်တကွ ယုဒအမျိုးသားအပေါင်းတို့နှင့် ရွေးချယ်သော စစ်သူရဲတသိန်းရှစ်သောင်းတို့ကို စုဝေးစေ၏။

22. သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဘုရားသခင်၏လူရှေမာယသို့ ရောက်၍၊

23. သင်သည် ရှောလမုန်သား၊ ယုဒရှင်ဘုရင် ရောဗောင်နှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးသားများ၊ ကျန်ကြွင်းသော သူများတို့အား ထာဝရဘုရား၏ အမိန့် တော်ကို ဆင့်ဆိုရမည်မှာ၊

24. သင်တို့ညီအစ်ကိုဖြစ်သော ဣသရေလ အမျိုးသားတို့ကို စစ်တိုက်ခြင်းငှါ ချီ၍မသွားကြနှင့်။ လူအပေါင်းတို့၊ ကိုယ်နေရာသို့ ပြန်သွားကြလော့။ ဤအမှုသည် ငါအခွင့်ပေးကြောင့် ဖြစ်၏ဟု မိန့်တော်မူသော ထာဝရဘုရား၏စကားတော်ကို နားထောင်၍ စကားတော်အတိုင်း ပြန်သွားကြ၏။

25. ထိုနောက် ယေရောဗောင်သည် ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကို တည်၍ နေရာချ၏။ ထိုမြို့မှသွား၍ ပေနွေလမြို့ကိုလည်း တည်၏။

26. ယေရောဗောင်က၊ ဤနိုင်ငံသည် ဒါဝိဒ်မင်းမျိုး လက်သို့ ပြန်ကောင်းပြန်လိမ့်မည်။

27. ပြည်သားတို့သည် ထာဝရဘုရား၏ ဗိမာန်တော်၌ ယဇ်ပူဇော်ခြင်းငှါ ယေရုရှလင်မြို့သို့သွားလျှင်၊ သူတို့ စိတ်နှလုံးသည် မိမိတို့သခင် ယုဒရှင်ဘုရင် ရောဗောင်ဘက်သို့ပြောင်းလဲ၍၊ ငါ့ကိုသတ်ပြီးမှ ယုဒရှင်ဘုရင် ရောဗောင်ဘက်သို့ တဖန် ဝင်စားကြလိမ့်မည်ဟု အောက်မေ့သောကြောင့်၊

28. သူတပါးနှင့်တိုင်ပင်၍ ရွှေနွားသငယ်နှစ်ကောင်ကို လုပ်ပြီးလျှင်၊ သင်တို့သည် ယေရုရှလင်မြို့သို့ သွားရသော အမှုခက်လှ၏။ အို ဣသရေလအမျိုး၊ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော ဘုရားတို့ကို ကြည့်ရှုကြလော့ဟု ဆိုလျက်၊

29. ဗေသလမြို့၌တကောင်၊ ဒန်မြို့၌တကောင်ကို ထားသဖြင့်၊

30. ပြစ်မှားစရာအကြောင်းကို ပြုလေ၏။ ပြည်သားတို့သည် နွားသငယ်ကို ကိုးကွယ်ခြင်းငှါ၊ ဒန်မြို့တိုင်အောင် သွားတတ်ကြ၏။

၃ ရာ 12