14. ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသော ထမ်းဘိုးကိုတင်လေပြီ။ ငါသည်လည်းထပ်၍ တင်ဦးမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦးမည်ဟု ကြမ်းတမ်းစွာ ပြန်ပြောတော်မူ၏။
15. ရှင်ဘုရင်သည် ပြည်သားတို့၏ စကားကိုနားမထောင်ရသည်အကြောင်းကား၊ ထာဝရဘုရားသည် ရှိလောမြို့သား အဟိယအားဖြင့် နေဗတ်၏သား ယေရောဗောင်အား မိန့်တော်မူသောစကားကို ပြည့်စုံစေ တော်မူမည်အကြောင်းတည်း။
16. ဣသရေလအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင် နားမထောင်ကြောင်းကို သိမြင်လျှင်၊ ငါတို့သည် ဒါဝိဒ်နှင့်အဘယ်သို့ဆက်ဆံသနည်း။ ယေရှဲ၏သားနှင့် အဘယ်သို့ အမွေခံရသေးသနည်း။ အိုဣသရေလအမျိုး၊ သင်တို့နေရာသို့ သွားကြ။ အိုဒါဝိဒ်၊ သင်၏အိမ်ကို ကြည့်ရှုလော့ဟု ရှင်ဘုရင်အားပြန်ပြောလျက်၊ ဣသရေလလူတို့သည် မိမိတို့နေရာသို့ပြန်သွားကြ၏။
17. သို့ရာတွင် ယုဒမြို့ရွာတို့၌နေသော ဣသရေလလူတို့ကို ရောဗောင်သည် အုပ်စိုးရသေး၏။
18. ထိုအခါ ရောဗောင်မင်းကြီးသည် အခွန်တော်ဝန် အဒေါနိရံကို စေလွှတ်၍ ဣသရေလလူအပေါင်းတို့သည် သူ့ကိုသေအောင် ကျောက်ခဲနှင့် ပစ်ကြ၏။
19. ရောဗောင်မင်းကြီးသည် ရထားတော်ကို အလျင်အမြန်တက်၍ ယေရုရှလင်မြို့သို့ပြေးလေ၏။ ထိုသို့ ဣသရေလအမျိုးသည် ယနေ့တိုင်အောင် ဒါဝိဒ် မင်းမျိုးကို ပုန်ကန်ကြ၏။
20. ယေရောဗောင်ပြန်လာကြောင်းကို ဣသရေလ အမျိုးသားအပေါင်းတို့သည် ကြားသောအခါ၊ လူကို စေလွှတ်၍၊ ယေရောဗောင်ကို စည်းဝေးရာ ပရိသတ်ထံသို့ ခေါ်ပြီးလျှင်၊ ဣသရေလအမျိုးကို အုပ်စိုးသော ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ယုဒအမျိုးမှတပါး အဘယ်အမျိုးမျှ ဒါဝိဒ်မင်းမျိုးသို့ မဆည်းကပ်။
21. ရောဗောင်သည် ယေရုရှလင်မြို့သို့ ရောက်သောအခါ၊ ဣသရေလအမျိုးကို စစ်တိုက်၍ နိုင်ငံတော်ကို ရှောလမုန်သား ရောဗောင်လက်သို့ရောက်ပြန်စေခြင်းငှါ၊ ဗင်္ယာမိန်အမျိုးနှင့်တကွ ယုဒအမျိုးသားအပေါင်းတို့နှင့် ရွေးချယ်သော စစ်သူရဲတသိန်းရှစ်သောင်းတို့ကို စုဝေးစေ၏။
22. သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဘုရားသခင်၏လူရှေမာယသို့ ရောက်၍၊
23. သင်သည် ရှောလမုန်သား၊ ယုဒရှင်ဘုရင် ရောဗောင်နှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးသားများ၊ ကျန်ကြွင်းသော သူများတို့အား ထာဝရဘုရား၏ အမိန့် တော်ကို ဆင့်ဆိုရမည်မှာ၊
24. သင်တို့ညီအစ်ကိုဖြစ်သော ဣသရေလ အမျိုးသားတို့ကို စစ်တိုက်ခြင်းငှါ ချီ၍မသွားကြနှင့်။ လူအပေါင်းတို့၊ ကိုယ်နေရာသို့ ပြန်သွားကြလော့။ ဤအမှုသည် ငါအခွင့်ပေးကြောင့် ဖြစ်၏ဟု မိန့်တော်မူသော ထာဝရဘုရား၏စကားတော်ကို နားထောင်၍ စကားတော်အတိုင်း ပြန်သွားကြ၏။