၃ ရာ 1:3-19 Judson Bible (BJB)

3. ထိုသို့နှင့်အညီအဆင်းလှသောအပျိုမကို ဣသရေလပြည် တရှောက်လုံးတွင်ရှာ၍၊ ရှုနင်မြို့သူ အဘိရှက်ကို တွေ့သဖြင့် အထံတော်သို့ ဆောင်ခဲ့ကြ၏။

4. ထိုမိန်းမသည် အလွန်အဆင်းလှ၏။ ရှင်ဘုရင်ကိုလည်း လုပ်ကျွေးပြုစုလေ၏။ သို့ရာတွင် ရှင်ဘုရင် သိမ်းတော်မမူ။

5. ထိုနောက် ဟဂ္ဂိတ်သားအဒေါနိယသည် ရှင်ဘုရင်လုပ်မည်ဟု အကြံရှိလျက်၊ ကိုယ်ကိုချီးမြှောက်၍ ရထားများနှင့် မြင်းများကို၎င်း၊ မိမိရှေ့၌ပြေးရသော လူငါးဆယ်ကို၎င်း၊ ပြင်ဆင်လေ၏။

6. ခမည်းတော်က၊ သင်သည် အဘယ်ကြောင့် ဤသို့ပြုသနည်းဟု သူ့စိတ်နာအောင် တခါမျှမပြောစဖူး။ ထိုသူသည် အဆင်းလည်း အလွန်လှ၏။

7. အဗရှလုံညီ လည်း ဖြစ်၏။ သူသည်ဇေရုယာသား ယွာဘ၊ ယဇ်ပုရောဟိတ် အဗျာသာနှင့် တိုင်ပင်၍ သူတို့သည် အဒေါနိယဘက်မှာ နေကြ၏။

8. ယဇ်ပုရောဟိတ်ဇာဒုတ်၊ ယောယဒသားဗေနာယ၊ ပရောဖက်နာသန်၊ ရှိမိ၊ ရေဣအစရှိသော ဒါဝိဒ်၏မှူးကြီးမတ်ကြီးများမူကား၊ အဒေါနိယဘက်သို့ မဝင်ကြ။

9. အဒေါနိယသည် အင်္ရောဂေလမြို့နယ်အတွင်း၊ ဇောဟေလက်ကျောက်နားမှာ သိုး၊ နွားမှစ၍ ဆူဖြိုးသော အကောင်တို့ကို သတ်ပြီးလျှင်၊ ရှင်ဘုရင်သား မိမိညီ များနှင့် ရှင်ဘုရင်၏ ကျွန်ယုဒလူများအပေါင်းတို့ကို ခေါ်ဘိတ်လေ၏။

10. ပရောဖက်နာသန်၊ ဗေနာယ၊ မှူးကြီးမတ်ကြီးမှစသောညီရှောလမုန်ကိုကား မခေါ်မဘိတ်။

11. ထိုအခါနာသန်သည် ရှောလမုန်အမိဗာသရှေဘထံသို့သွား၍၊ ဟဂ္ဂိတ်၏သား အဒေါနိယသည် ရှင်ဘုရင်လုပ်ကြောင်းကို ကြားပြီလော။ တို့အရှင်ဒါဝိဒ်သည် မသိပါတကား။

12. ယခုမှာသင်၏ အသက်နှင့် ရှောလမုန်၏ အသက်ကို ချမ်းသာစေခြင်းငှါ ကျွန်ုပ်သည် အကြံပေးပါရစေ။

13. ဒါဝိဒ်မင်းကြီးထံတော်သို့ဝင်၍၊ အိုအရှင် မင်းကြီး၊ ကိုယ်တော်က သင်၏သားရှောလမုန်သည် ငါ့အရာ၌ စိုးစံ၍ နန်းထိုင်ရမည်ဟု ကိုယ်တော် ကျွန်မ အား ကျိန်ဆိုတော်မူပြီမဟုတ်လော။ သို့ဖြစ်လျှင် အဒေါနိယသည် အဘယ်ကြောင့် စိုးစံရပါသနည်းဟု လျှောက်လော့။

14. ထိုသို့အထံတော်၌ လျှောက်စဉ်တွင်၊ ကျွန်ုပ်ဝင်၍ သင်၏စကားကို ထောက်မမည်ဟု အကြံပေးသည်အတိုင်း၊

15. ဗာသရှေဘသည် ရှင်ဘုရင်ရှိရာ အခန်းထဲသို့ ဝင်လေ၏။ ရှင်ဘုရင်သည်အလွန်အို၍ ရှုနင်မြို့သူ အဘိရှက်သည် လုပ်ကျွေးလျက်နေ၏။

16. ဗာသရှေဘသည်ဦးချ၍ ရှင်ဘုရင်အား ရှိခိုးလျှင်၊ ရှင်ဘုရင်က အဘယ်အလိုရှိသနည်းဟု မေးတော်မူ၏။

17. ဗာသရှေဘကလည်း၊ ကျွန်မသခင်၊ ကိုယ်တော်က သင်၏သား ရှောလမုန်သည်ငါ့အရာ၌ စိုးစံ၍နန်းထိုင်ရမည်ဟု ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားကို တိုင်တည်၍ ကိုယ်တော်ကျွန်မအား ကျိန်ဆိုတော်မူပြီ။

18. ယခုမှာ အဒေါနိယသည်စိုးစံပါ၏။ ကိုယ်တော် အရှင်မင်းကြီးလည်း သိတော်မမူ။

19. အဒေါနိယသည် သိုးနွားမှစ၍ ဆူဖြိုးသော အကောင်များတို့ကိုသတ်ပြီးလျှင်၊ မင်းကြီး၏သားတော် အပေါင်းတို့နှင့်တကွ ယဇ်ပုရောဟိတ်အဗျာသာ၊ ဗိုလ်ချုပ် မင်းယွာဘတို့ကို ခေါ်ဘိတ်ပါ၏။ ကိုယ်တော်ကျွန် ရှောလမုန်ကိုကား မခေါ်မဘိတ်ပါ။

၃ ရာ 1