၂ ရာ​ချုပ် 9:9-19 Judson Bible (BJB)

9. ရွှေအခွက်တရာနှစ်ဆယ်၊ နံ့သာမျိုးအများ၊ ကျောက်မြတ်တို့ကို ဆက်လေ၏။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအားဆက်သော နံ့သာမျိုးနှင့် တူသော နံ့သာမျိုးသည် မရှိ။

10. ဩဖိရမြို့မှ ရွှေကိုဆောင်ခဲ့သော ဟိရံကျွန်နှင့် ရှောလမုန်ကျွန်တို့သည်၊ အာလဂုံသစ်သားများ၊ ကျောက်မြတ်များတို့ကိုလည်း ဆောင်ခဲ့ကြ၏။

11. ထိုအာလဂုံသစ်သားဖြင့် ရှင်ဘုရင်သည် ဗိမာန်တော် ပွတ်လုံးတန်းနှင့် နန်းတော်ပွတ်လုံးတန်းကို၎င်း၊ သီချင်းဆိုသောသူဘို့ စောင်းနှင့်တယောတို့ကို၎င်း၊ လုပ်လေ၏။ ထိုသို့သော အာလဂုံသစ်သားသည် ယုဒပြည် ၌ တခါမျှ မပေါ်လာ။

12. ရှောလမုန်မင်းကြီးသည် ရှေဘမိဖုရား ဆက် သည်အတွက် ပြန်ပေးသာလက်ဆောင်မှတပါး၊ မိဖုရား၏ အလိုဆန္ဒပြည့်စုံစေခြင်းငှါ သူတောင်းသမျှကိုလည်း ပေးတော်မူ၏။ ထိုနောက်မှ မိဖုရားသည် မိမိကျွန်တို့နှင့် တကွ မိမိပြည်သို့ပြန်သွားလေ၏။

13. ရှေလမုန်ထံသို့ တနှစ်တနှစ်လျှင် ရောက်သော ရွှေချိန်ကား အခွက်ခြောက်ရာ ခြောက်ဆယ်ခြောက် ပိဿာဖြစ်သတည်း။

14. ထိုမှတပါး၊ ကုန်သည်များ၊ လှည်းသမားများ၊ အာရပ်မင်းကြီးရှိသမျှ၊ မြို့ဝန်များဆက်သော ရွှေရှိသေး၏။

15. ရှေလမုန်မင်းကြီးသည် ရွှေခြောက်ပိဿာစီဖြင့် ဒိုင်းနှစ်ရာ၊

16. သုံးပိဿာစီဖြင့် ဒိုင်းငယ်သုံးရာတို့ကို ထုလုပ်၍၊ လေဗနုန်တောသစ်သားနှင့် တည်ဆောက်သော နန်းတော်၌ ထားတော်မူ၏။

17. ရှင်ဘုရင်သည်လည်း ဆင်စွယ်ရာဇပလ္လင်ကြီးကို လုပ်၍ ရွှေစင်နှင့်မွမ်းမံလေ၏။

18. လှေကားခြောက်ထစ်နှင့် ရွှေဘိနပ်သည် ရာဇပလ္လင်တော်နှင့် တဆက်တည်းရှိ၏။ ထိုင်ရာတဘက် တချက်၌ မှီစရာလက်ရုံးတန်းနှင့် ပြည့်စုံ၍။ လက်ရုံးတန်း အနားမှာ ခြင်္သေ့နှစ်ကောင်ရပ်နေ၏။

19. လှေကားခြောက်ထစ်အပေါ်တွင်၊ တဘက်တချက် ၌လည်း ခြင်္သေ့တဆယ်နှစ်ကောင်ရပ်နေ၏။ ထိုသို့သော ရာဇပလ္လင်သည် အဘယ်တိုင်းနိုင်ငံ၌မျှမရှိ။

၂ ရာ​ချုပ် 9