12. ထိုသို့မနာရှေသည် ဆင်းရဲဒုက္ခကို ခံရသောအခါ၊ မိမိဘုရားသခင် ထာဝရဘုရားကို တောင်းပန်၍၊ ဘိုးဘေးတို့၏ဘုရားသခင့်ရှေ့မှာ ကိုယ်ကို အလွန် နှိမ့်ချလျက်၊
13. ဆုတောင်းပဌနာပြုသောစကားကို ဘုရားသခင် နားထောင်နာယူ၍၊ မနာရှေအုပ်စိုးရင်းပြည်၊ ယေရုရှလင်မြို့သို့ တဖန်ပို့ဆောင်တော်မူ၏။ ထိုအခါ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို မနာရှေသိရ၏။
14. ထိုနောက်၊ ဒါဝိဒ်မြို့ပြင်၊ ဂိဟုန်မြို့ အနောက်ဘက်၊ ချိုင့်ထဲမှာ ငါးတံခါးဝတိုင်အောင်၎င်း၊ ဩဖေလရဲတိုက်ပတ်လည်၌၎င်း၊ အလွန်မြင့်သော မြို့ရိုးကို တည်၏။ ယုဒပြည်တွင် ခိုင်ခံ့သောမြို့ရှိသမျှတို့၌ တပ်မှူးတို့ကို ခန့်ထား၏။
15. တပါးအမျိုးတို့၏ဘုရားများနှင့် အရင်လုပ်သောရုပ်တုကို၊ ဗိမာန်တော်ထဲကထုတ်၍၊ ဗိမာန်တော် တောင်ပေါ်၊ ယေရုရှလင်မြို့ထဲမှာ အရင်တည်သော ယဇ်ပလ္လင်တို့ကိုလည်း မြို့ပြင်သို့ ထုတ်ပစ်လေ၏။
16. ထာဝရဘုရား၏ ယဇ်ပလ္လင်ကိုပြုပြင်၍၊ မိဿဟာယယဇ်နှင့် ကျေးဇူးတော်ဝန်ခံရာ ယဇ်တို့ကိုပူဇော်၏။ ယုဒပြည်သားတို့သည်၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားကို ဝတ်ပြုမည်အကြောင်း မှာထား၏။
17. သို့ရာတွင် ပြည်သားတို့သည် မြင့်သောအရပ်ပေါ်မှာ ယဇ်ပူဇော်လျက်ပင်၊ မိမိတို့ဘုရားသခင် ထာဝရဘုရားကိုသာ ကိုးကွယ်ကြ၏။