၂ ရာ​ချုပ် 31:3-14 Judson Bible (BJB)

3. ထာဝရဘုရား၏ပညတ္တိကျမ်း၌ ရေးထားသည် အတိုင်း၊ နေ့ရက်အစဉ် နံနက်အချိန်၊ ညဦးချိန်၊ ဥပုသ်နေ့၊ လဆန်းနေ့၊ ဓမ္မပွဲနေ့တွင် မီးရှို့ရာယဇ်ပူဇော်စရာဘို့၊ ဘဏ္ဍာတော်ထဲက ဥစ္စာတဘို့ကို ထုတ်၍လှူတော်မူ၏။

4. ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် ထာဝရဘုရား၏ တရားကိုကြိုးစား၍ သွန်သင်စေခြင်းငှါ၊ ယေရုရှလင်မြို့၌နေသော သူတို့သည် ဥစ္စာတဘို့ကို လှူရမည်အကြောင်း မိန့်တော်မူ၏။

5. ထိုအမိန့်တော်ကို ဣသရေလအမျိုးသားတို့ သည် အနှံ့အပြား ကြားသိကြသောအခါ၊ အဦးသီးသော စပါး၊ စပျစ်ရည်၊ ဆီ၊ ပျားရည်အစရှိ သော မြေအသီးအနှံကို၎င်း၊ အခြားသောဥစ္စာရှိသမျှ ဆယ်ဘို့တဘို့ကို၎င်း၊ များစွာဆောင်ခဲ့ကြ၏။

6. ယုဒမြို့တို့၌နေသောဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့သည်လည်း၊ သိုးနွားဆယ်ဘို့တဘို့ကို၎င်း၊ သူတို့၏ဘုရားသခင်ထာဝရဘုရားအား ပူဇော်၍ သန့်ရှင်းသော ဥစ္စာဆယ်ဘို့တဘို့ကို၎င်းဆောင်ခဲ့၍ အသီးအသီးပုံထားကြ၏။

7. တတိယလတွင် ပုံထားစပြု၍၊ သတ္တမလတွင် လက်စသတ်ကြ၏။

8. ပုံထားသောဥစ္စာကို၊ ဟေဇကိနှင့် မှူးမတ်တို့သည် လာ၍မြင်သောအခါ၊ ထာဝရဘုရားနှင့် ဘုရားသခင်၏ လူဣသရေလအမျိုးကို ကောင်းကြီးပေးကြ၏။

9. ထိုပုံထားသော ဥစ္စာအကြောင်းကို ဟေဇကိသည် ယဇ်ပုရောဟိတ်၊ လေဝိသားတို့၌ မေးမြန်းလျှင်၊

10. ဇာဒုတ်အမျိုး၊ ယဇ်ပုရောဟိတ်အကြီး အာဇရိက၊ ပူဇော်သက္ကာတို့ကို၊ ဗိမာန်တော်သို့ဆောင်ခဲ့စပြုသော နောက်၊ အကျွန်ုပ်တို့ စားလောက်အောင်ရှိသည်သာမက များစွာကျန်ကြွင်းတတ်ပါ၏။ ထာဝရဘုရားသည် မိမိလူတို့ကို ကောင်းကြီးပေးတော်မူသောကြောင့်၊ ပုံထား သောဤဥစ္စာများသည် ကျန်ကြွင်းလျက်ရှိပါသည်ဟု လျှောက်ကြ၏။

11. ထိုအခါ ဗိမာန်တော်၌ ဘဏ္ဍာတိုက်တို့ကို ပြင်ဆင်စေမည်အကြောင်း၊ ဟေဇကိမိန့်တော်မူသည်အတိုင်း ပြင်ဆင်၍၊

12. လှူသောဥစ္စာ၊ ဆယ်ဘို့တဘို့ဥစ္စာ၊ ပူဇော်သောဥစ္စာများကို တရားနှင့်အညီ သွင်းထားကြ၏။ လေဝိသားကောနနိသည်တိုက်အုပ်၊ သူ၏ညီရှိမိသည် တိုက်စာရေးဖြစ်၏။

13. ယေဟေလ၊ အာဇဇိ၊ နာဟတ်၊ အာသဟေလ၊ ယေရိမုတ်၊ ယောဇဗတ်၊ ဧလျေလ၊ ဣသမခိ၊ မာဟတ်၊ ဗေနာယတို့သည်လည်း ဟေဇကိမင်းကြီးနှင့် ဗိမာန်တော်အုပ်အာဇရိစီရင်သည်အတိုင်း၊ ကောနနိနှင့် သူ၏ညီရှိမိတို့သည် အစေခံ၍ ကြည့်ရှုပြုစုရကြ၏။

14. အရှေ့တံခါးမှူး၊ လေဝိသားဣမနသားကောရ သည်၊ ထာဝရအရှင်ဘုရားသခင်အား လှူဒါန်း ပူဇော်သောဥစ္စာ၊ အလွန်သန့်ရှင်းသောဥစ္စာများကို ဝေဖန်ရသောအမှုအုပ်ဖြစ်၏။

၂ ရာ​ချုပ် 31