၂ ရာ​ချုပ် 25:8-18 Judson Bible (BJB)

8. မင်းကြီးသွားလိုလျှင်သွား၍ စစ်တိုက်ခြင်းငှါ ခိုင်ခံ့သော်လည်း၊ ရန်သူရှေ့မှာ ဘုရားသခင်ရှုံးစေတော်မူမည်။ ဘုရားသခင်သည် မစခြင်းငှါ၎င်း၊ နှိမ့်ချခြင်းငှါ၎င်း တတ်နိုင်တော်မူ၏ဟု ပြောဆိုလျှင်၊

9. အာမဇိက၊ ဣသရေလတပ်ကိုငှါး၍ ငွေအခွက်တထောင်ကို ပေးမိသောကြောင့်၊ အဘယ်သို့ပြုရမည် နည်းဟု ဘုရားသခင်၏လူကို မေးမြန်းသော်၊ ဘုရားသခင်၏လူက၊ ထိုမျှမက ထာဝရဘုရားသည် သာ၍ ပေးနိုင်တော်မူသည်ဟု ပြန်ပြော၏။

10. ထိုအခါ အာမဇိသည် ဧဖရိမ်ပြည်မှရောက်လာ သော စစ်သူရဲတို့ ကိုခွဲထား၍၊ မိမိတို့နေရာသို့ ပြန်သွားေစခြင်းငှါ လွှတ်လိုက်သဖြင့်၊ သူတို့သည် အလွန် အမျက်ထွက်၍ ယုဒပြည်သားတို့၌ အငြိုးထားလျက်၊မိမိတို့ နေရာ သို့ပြန်သွားကြ၏။

11. အာမဇိသည်လည်း ကိုယ်ကိုခိုင်ခံ့စေ၍ ဆားချိုင့်ကို တပ်ချီသဖြင့်၊ စိရတောင်သားတသောင်းကို လုပ်ကြံလေ၏။

12. ယုဒအမျိုးသားတို့သည် လူတသောင်းကို အရှင်ဘမ်းပြီးလျှင်၊ ကျောက်တောင်ထိပ်သို့ ဆောင်သွား၍၊ ကျိုးပဲ့စေခြင်းငှါ အောက်သို့ တွန်းချကြ၏။

13. ဝိုင်း၍တိုက်ရသောအခွင့်ကို အာမဇိမပေး၊ လွှတ်လိုက်သော စစ်သူရဲတို့မူကား၊ ရှမာရိမြို့မှစ၍ ဗေသောရုန်မြို့တိုင်အောင်၊ ယုဒမြို့တို့ကို တိုက်သဖြင့်၊ လူသုံးထောင်ကိုသတ်၍၊ လက်ရဥစ္စာအများကို သိမ်းသွားကြ၏။

14. အာမဇိသည် ဧဒုံအမျိုးသားတို့ကို လုပ်ကြံရာမှ ပြန်လာသောအခါ၊ စိရတောင်သားကိုးကွယ်သော ဘုရားတို့ကိုဆောင်ခဲ့၍၊ ကိုယ်တိုင်ကိုးကွယ်ရာ ဘုရားဖြစ်စေခြင်းငှါ၊ တည်ထောင်လျက်သူတို့ရှေ့မှာ ဦးညွှတ်ချ၍ နံ့သာ ပေါင်းကို မီးရှို့လေ၏။

15. ထာဝရဘုရားသည် အာမဇိကိုအမျက်ထွက်၍၊ ပရောဖက်ကို စေလွှတ်တော်မူသည်ကား၊ မိမိလူတို့ကို ရန်သူလက်မှ မကယ်နိုင်သော တပါးအမျိုးသား ဘုရားတို့ကို အဘယ်ကြောင့်ဆည်းကပ်သနည်းဟုပြောဆိုလျှင်၊

16. ရှင်ဘုရင်က၊ သင်သည်တိုင်ပင် မှူးမတ်ဖြစ် သလော။ တိတ်ဆိတ်စွာနေလော့။ အဘယ်ကြောင့် ရာဇဝတ်ခံချင်သနည်းဟုဆိုသော်၊ ပရောဖက်က၊ မင်းကြီးသည် ငါပေးသောသတိစကားကို နားမထောင်၊ ဤအမှု ကိုပြုမိသောကြောင့်၊ ဘုရားသခင်သည် မင်းကြီးကို ဖျက်ဆီးမည် ကြံတော်မူသည်ကို ငါသိမြင်သည်ဟု ပြောဆိုပြီးလျှင် တိတ်ဆိတ်စွာ နေလေ၏။

17. ထိုနောက်၊ အာမဇိသည်တိုင်ပင်ပြီးမှ၊ ဣသရေလရှင်ဘုရင်ယေဟု သားဖြစ်သောယောခတ်၏သား ယဟောရှထံသို့ သံတမန်ကို စေလွှတ်၍၊ ငါတို့သည် မျက်နှာချင်းဆိုင်မိကြကုန်အံ့ဟု မှာလိုက်လျှင်၊

18. ဣသရေလရှင်ဘုရင်ယဟောရှက၊ လေဗနုန် ဆူးပင်သည် လေဗနုန်အာရဇ်ပင်ထံသို့ စေလွှတ်၍၊ သင့်သမီးကို ငါ့သားနှင့်ပေးစားပါဟု ဆိုစဉ်တွင်၊ လေဗနုန်သားရဲတကောင်သည် ရှောက်သွား၍ ဆူးပင်ကို နင်းမိ၏။

၂ ရာ​ချုပ် 25