3. ယောယဒပေးစားသော မိန်းမနှစ်ယောက်နှင့် စုံဘက်၍ သားသမီးတို့ကို မြင်ရ၏။
4. ထိုနောက်မှ၊ ယောရှသည် ဗိမာန်တော်ကို ပြုပြင်မည် အကြံရှိလျက်၊
5. ယဇ်ပုရောဟိတ် လေဝိသားတို့ကို စုဝေးစေ၍၊ သင်တို့ဘုရား သခင်၏အိမ်တော်ကို ပြုပြင်ခြင်းငှါ၊ ယုဒမြို့တို့ကို လှည့်လည်သဖြင့်၊ နှစ်တိုင်းအစဉ် ဣသရေလလူအပေါင်းတို့မှ ငွေကိုခံယူ၍၊ အမှုပြီးအောင် ကြိုးစား အားထုတ်ကြလော့ဟုမိန့်တော်မူ၏။ သို့သော်လည်း၊ လေဝိသားတို့သည် မကြိုးစားဘဲနေကြ၏။
6. တဖန်ရှင်ဘုရင်သည် ယဇ်ပုရောဟိတ်အကြီး ယောဒကို ခေါ်၍၊ သက်သေခံတော်မူချက်တဲတော်အဘို့၊ ထာဝရဘုရား၏ကျွန်မောရှေနှင့် စည်းဝေးရာ ဣသရေလပရိတ်သတ်ပြုသည်နည်းတူ၊ လေဝိသားတို့သည် ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်တို့မှ ငွေကို ခံယူ၍ဆောင်ခဲ့မည်အကြောင်း၊ အဘယ်ကြောင့် မမှာထားဘဲနေသနည်းဟု မေးတော်မူ၏။
7. အဓမ္မမိန်းမအာသလိ၏သားတို့သည် ဗိမာန်တော်ကို ဖြိုဖျက်၍၊ ဗိမာန်တော်၌ ပူဇော်သော ဘဏ္ဍာရှိသမျှတို့ကိုလည်း ဗာလဘုရားတို့အား ပူဇော်ကြ၏။
8. ရှင်ဘုရင်အမိန့်တော်အတိုင်း သေတ္တာကိုလုပ်၍၊ ဗိမာန်တော်ပြင်၊ တံခါးနားမှာ ထားကြ၏။
9. ဘုရားသခင်၏ကျွန် မောရှေသည်တောမှာ ဣသရေလအမျိုး၌ ငွေခွဲသည်အတိုင်း၊ ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ရမည်ဟု ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်၌ ကြော်ငြာကြ၏။
10. မင်းများနှင့်ပြည်သူပြည်သားများ အပေါင်းတို့သည်၊ ဝမ်းမြောက်သောစိတ်နှင့် ဆောင်ခဲ့၍၊ လက်စသတ်သည်တိုင်အောင် သေတ္တာထဲသို့ သွင်းထားကြ၏။
11. ထိုသေတ္တာကို လေဝိသားတို့သည် ဘဏ္ဍာတော်တိုက်ထဲသို့သွင်း၍၊ ငွေများသည်ကို သိမြင်လျှင်၊ ရှင်ဘုရင် ၏စာရေးတော်ကြီးနှင့် ယဇ်ပုရောဟိတ်မင်း၏စာရေးသည်လာ၍၊ ငွေကိုထုတ်ယူပြီးမှ၊ သေတ္တာကို သူ့နေရာ၌ ထားပြန်၏။ ထိုသို့နေ့တိုင်းပြု၍ များစွာသောငွေကို စုထားကြ၏။
12. ရှင်ဘုရင်နှင့်ယောယဒသည် ဗိမာန်တော်၏ အမှုတော်စောင့်တို့၌ ထိုငွေကိုအပ်၍ ဗိမာန်တော်ကို ပြုပြင်စေခြင်းငှါ၊ ပန်းရန်သမား၊ လက်သမား၊ ပန်းပဲသမား၊ ပန်းတဉ်းသမားတို့အား ပေးဝေကြ၏။
13. အလုပ်လုပ်သော သူတို့သည် ကြိုးစား၍ ပြုပြင် သဖြင့်၊ ဗိမာန်တော်ကို ပကတိအဖြစ်၌ ခိုင်ခံ့စေကြ၏။
14. လက်စသတ်သောအခါ၊ ကျန်ကြွင်းသောငွေကို ရှင်ဘုရင်နှင့် ယောယဒထံသို့ယူခဲ့၍၊ ထိုငွေနှင့် ဗိမာန် တော်၌ အမှုတော်ကို ဆောင်ရွက်ပူဇော်ရန် တန်ဆာ၊ ရွှေဖလား၊ ငွေဖလား၊ ဇွန်းများကိုလုပ်ကြ၏။ ယောယဒ လက်ထက်ကာလပတ်လုံး၊ ဗိမာန်တော်၌ မီးရှို့ရာယဇ်ကို အစဉ်ပူဇော်ကြ၏။
15. ယောယဒသည် အို၍ကာလပြည့်စုံရာရောက်လျက်၊ အသက်တရာသုံးဆယ်ရှိသော်သေ၍၊
16. ဒါဝိဒ်မြို့မှာ ရှင်ဘုရင်တို့တွင် သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ အကြောင်းမူကား၊ ဣသရေလအမျိုးတွင် ဘုရားသခင်၌၎င်း၊ အိမ်တော်၌၎င်း၊ ကျေးဇူးပြုသောသူ ဖြစ်သတည်း။
17. ယောယဒသေသောနောက်၊ ယုဒမင်းတို့သည် ရှင်ဘုရင်ထံတော်သို့ လာ၍ရှိခိုးကြ၏။ သူတို့စကားကို ရှင်ဘုရင်နားထောင်သဖြင့်၊
18. သူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရား၏ အိမ်တော်ကိုစွန့်၍၊ အာရှရပင်နှင့် ရုပ်တုတို့ကို ဝတ်ပြုကြ၏။ ထိုအပြစ်ကြောင့် အမျက်တော် သည် ယုဒပြည်နှင့် ယေရုရှလင်မြို့အပေါ်မှာ သက်ရောက် လေ၏။
19. သူတို့ကို ထာဝရဘုရားထံတော်သို့ သွေးဆောင်စေခြင်းငှါ၊ ပရောဖက်တို့ကို စေလွှတ်တော်မူ၍၊ ပရောဖက်တို့သည် သက်သေခံသော်လည်း၊ သူတို့သည် နားမထောင်ကြ။
20. တဖန်ဘုရားသခင်၏ ဝိညာဉ်တော်သည် ယဇ်ပုရောဟိတ်ယောယဒသား ဇာခရိအပေါ်မှာ သက်ရောက်၍၊ သူသည် ပရိသတ်အလယ်၊ မြင့်သောအရပ်၌ ရပ်လျက်၊ ဘုရားသခင်မိန့်တော်မူသည်ကား၊ သင်တို့သည် ကိုယ်အကျိုးကို ပျက်စေခြင်းငှါ၊ ထာဝရ ဘုရား၏ပညတ်တော်တို့ကို အဘယ်ကြောင့် လွန်ကျူးကြ သနည်း။ သင်တို့သည် ထာဝရဘုရားကို စွန့်သောကြောင့်၊ သင်တို့ကိုလည်း စွန့်တော်မူပြီဟု မြွက်ဆို၏။