14. ဒါဝိဒ်သည်လည်း ပိတ်သင်တိုင်းကိုဝတ်လျက်၊ ထာဝရဘုရားရှေ့တော်၌ အားထုတ်၍ကလေ၏။
15. ထိုသို့ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် ကြွေးကြော်လျက်၊ တံပိုးမှုတ်လျက်၊ ထာဝရ ဘုရား၏သေတ္တာတော်ကို ဆောင်ခဲ့ကြ၏။
16. ထာဝရဘုရား၏သေတ္တာတော်သည် ဒါဝိမြို့ထဲသို့ရောက်သောအခါ၊ ရှောလု၏သမီးမိခါလသည် ပြတင်းပေါက်ဖြင့် ကြည့်၍၊ ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်၌ ကလျက်ခုန်လျက်လာသည်ကိုမြင်၍ စိတ်နှလုံးထဲ၌ မထီမဲ့မြင်ပြု၏။
17. ထာဝရဘုရား၏ သေတ္တာတော်ကိုသွင်း၍ ဒါဝိဒ် ဆောက်နှင့်သောတဲအလယ်တွင် သူ့နေရာ၌ ထားကြပြီးမှ၊ ဒါဝိဒ်သည်မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ်တို့ကို ထာဝရဘုရားရှေ့တော်၌ ပူဇော်လေ၏။
18. မီးရှို့ရာယဇ်နှင့်မိဿဟာယ ယဇ်ပူဇော်ခြင်း အမှုကို ပြီးစီးသောအခါ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား၏ နာမတော်ကိုမြွက်၍ ပရိသတ်တို့ကို ကောင်းကြီးပေးလေ၏။
19. ဣသရေလပရိသတ် ယောက်ျားမိန်းမအပေါင်းတို့အား မုန့်တပြား၊ အမဲသားတတစ်၊ စပြစ်သီး ပျဉ် တပြားစီ ဝေငှပြီးမှ၊ လူအပေါင်းတို့သည် မိမိတို့နေရာသို့ ပြန်သွားကြ၏။
20. ထိုနောက် ဒါဝိဒ်သည် နန်းတော်သားတို့ကို ကောင်းကြီးပေးခြင်းငှါ သွား၍ရောက်သောအခါ၊ ရှောလု ၏သမီး မိခါလသည် ဆီး၍ကြိုလျက်၊ လျှပ်ပေါ်သောသူသည် အရှက်မရှိဘဲ ကိုယ်အဝတ်ကိုချွတ်သကဲ့သို့၊ ယနေ့ ကျွန်ယောက်ျား ကျွန်မိန်းမများရှေ့တွင် အဝတ်တော်ကိုချွတ်သော ဣသရေလရှင်ဘုရင်သည်၊ ယနေ့ အဘယ်မျှလောက် ဘုန်းကြီးတော်မူပါသည်တကားဟုဆို၏။