4. သို့သော်လည်း အမိန့်တော်သည် ယွာဘစကား နှင့် ဗိုလ်များ စကားကိုနိုင်သဖြင့်၊ ယွာဘနှင့် ဗိုလ်များ တို့သည် လူတို့ကိုရေတွက်အံ့သောငှါ အထံတော်မှ ထွက် သွားကြ၏။
5. ယော်ဒန်မြစ်ကိုကူး၍ ဂဒ်ချိုင့်၌ရှိသော အာရော်မြို့အရှေ့ဘက်၊ ယာဇာမြို့အနားမှာ တပ်ချ ကြ၏။
6. ဂိလဒ်ပြည်၊ နောက်သိမ်းသောပြည်၊ ဒန်ယန် ပြည်တို့ကို လွန်ပြီးမှ ဇိဒုန်ပြည်သို့ ဝိုင်းသွား၍၊
7. တုရုရဲတိုက်သို့၎င်း၊ ဟိဝိမြို့များ၊ ခါနာနိမြို့များ အလုံးစုံတို့သို့၎င်း ရောက်၍၊ ယုဒပြည်တောင်ပိုင်း၊ ဗေရ ရှေဘမြို့၌ လက်စသတ်ကြ၏။
8. ထိုသို့တပြည်လုံး ရှောက်သွား၍ ကိုးလနှင့် အရက်နှစ်ဆယ်လွန်မှ ယေရုရှလင်မြို့သို့ ရောက်ကြ၏။
9. ယွာဘသည်လည်းလူပေါင်းစာရင်းကို ရှင်ဘုရင်အား ဆက်၍၊ ဣသရေလအမျိုး၌ ထားကိုင် သူရဲရှစ်သိန်း၊ ယုဒအမျိုး၌ ငါသိန်းရှိကြ၏။
10. ဒါဝိဒ်သည် လူတို့ကို ရေတွက်ပြီးမှ နောင်တရ၍၊ အကျွန်ုပ်ပြုမိသောအမှု၌ အလွန်ပြစ်မှားပါပြီ။ အိုထာဝရ ဘုရား၊ ကိုယ်တော်ကျွန်၏အပြစ်ကို ဖြေရှင်းတော်မူပါ။ အကျွန်ုပ်သည် အလွန်မိုက်သောအမှုကို ပြုမိပါပြီဟု ထာဝရဘုရားအား တောင်းပန်လေ၏။
11. ဒါဝိဒ်သည် နံနက်အချိန်၌ ထသောအခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒါဝိဒ်၏ ပရောဖက်ဂဒ်သို့ ရောက်လာ၍၊
12. ဒါဝိဒ်ထံသို့သွားလော့။ အရာသုံးပါးကိုသင့်အား ငါပြ၏။ သင်၌ ငါပြုစရာဘို့ တပါးပါးကိုရွေးရမည်ဟု ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလော့ဟု မိန့်တော်မူသည်အတိုင်း၊