1. ဒါဝိဒ်သည် ရှောလုမင်းမှစ၍ ရန်သူအပေါင်းတို့ လက်မှ ထာဝရဘုရားကယ်လွှတ်တော်မူခြင်းကျေးဇူးကို ခံရသောအခါ၊ ထာဝရဘုရားရှေ့တော်တွင် မြွက်ဆိုသော သီချင်းစကားဟူမူကား၊
2. ထာဝရဘုရားသည်ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကို ကယ်လွှတ်သော သခင်၊
3. ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏အကွယ်အကာ၊ ငါ့ကိုကယ်တင်သောဦးချို၊ ငါ၏ ရဲတိုက်၊ ငါခိုလှုံရာ၊ ငါ့ကိုကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ညှဉ်းဆဲခြင်းထဲက အကျွန်ုပ်ကို ကယ်လွှတ်တော်မူ၏။
4. ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါတောင်းလျှောက်၍၊ ရန်သူတို့လက်မှ ကယ်တင်ခြင်း သို့ ရောက်၏။
5. သေခြင်းလှိုင်းတံပိုးတို့သည် ငါ့ကို ဝိုင်းမိ၍ ဖျက်ဆီးတတ်သော ရေစီးခြင်းကြောင့် ငါကြောက်လန့် ရ၏။
6. မရဏာနိုင်ငံ၏ ကြိုးတို့သည် ဝိုင်း၍ သေမင်း၏ ကျော့ကွင်းသည် ငါ့ကို ကျော့မိလျက် ရှိ၏။
7. ထိုသို့ငါသည် ဆင်းရဲငြိုငြင်သောအခါ၊ ထာဝရဘုရားကို ခေါ်၍ ငါ၏ဘုရားသခင်ကို အော်ဟစ်လေ၏။ ခေါ်သောအသံကို ဗိမာန်တော်ထဲ မှာကြားတော်မူ၍၊ အော်ဟစ်သောအသံသည် နားတော်ထဲသို့ ဝင်လေ၏။
8. ထိုအခါ အမျက်တော်ထွက်သောအားဖြင့် မြေကြီးတုန်လှုပ်၍၊ မိုဃ်းကောင်းကင်အမြစ်တို့သည် တရွေ့ရွေ့လှုပ်ရှားကြ၏။
9. နှာခေါင်းတော်ထဲက မီးခိုးထွက်၍၊ နှုတ်တော်ထဲက မီးလောင်သောအားဖြင့် မီးခဲတောက်လေ၏။
10. မိုဃ်းကောင်းကင်ကိုညွှတ်သဖြင့် ဆင်းသက်တော်မူ၍၊ ခြေဘဝါးတော်အောက်၌ မှောင်မိုက်ဖြစ် လေ၏။
11. ခေရုဗိမ်ကို စီးလျက်ပျံတော်မူ၏။ လေ၏ အတောင်တို့အပေါ်မှာ ထင်ရှားတော်မူ၏။
12. မှောင်မိုက်တည်းဟူသော တခဲနက်သော ရေနှင့် ထူထပ်သောမိုဃ်းတိမ်တို့ကို ကိုယ်တော်၌ ကာရံစေတော်မူ၏။