1. ထိုအခါ ဗင်္ယာမိန်အမျိုးဗိခရိ၏သားရှေဘ အမည်ရှိသော အဓမ္မလူတယောက်ရှိ၏။ ထိုသူသည် တံပိုးမှုတ်၍၊ အိုဣသရေလအမျိုး၊ ငါတို့သည် ဒါဝိဒ်၌ တဘို့ကိုမျှ မဆိုင်။ ယေရှဲ၏သားကို အမွေမခံထိုက်။ လူအပေါင်းတို့၊ ကိုယ်နေရာသို့ သွားကြဟုဆိုသဖြင့်၊
2. ဣသရေလ အမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ထံတော်မှ ထွက်၍ဗိခရိသား ရှေဘနောက်သို့ လိုက်ကြ ၏။ ယုဒအမျိုးသားတို့မူကား၊ ယော်ဒန်မြစ်မှသည် ယေရုရှလင်မြို့တိုင်အောင် ရှင်ဘုရင်၌ ဆည်းကပ်ကြ၏။
3. ဒါဝိဒ်မင်းကြီးသည် ယေရုရှလင်မြို့ နန်းတော်သို့ ရောက်သောအခါ၊ နန်းတော်ကို စောင့်စေခြင်းငှါ ထားခဲ့ သော ကိုယ်လုပ်တော်တကျိပ်တို့ကိုယူ၍ လှောင်အိမ်၌ ထား၏။ ထိုသူတို့ကို ကျွေးမွေးသော်လည်း မပေါင်းဘော်။ သူတို့သည် သေသည်တိုင်အောင် အချုပ်ခံ၍ မုတ်ဆိုးမ ကဲ့သို့ နေရကြ၏။
4. ရှင်ဘုရင်ကလည်း၊ သုံးရက်အတွင်းတွင် ယုဒလူတို့ကို စုဝေးစေပြီးလျှင်၊ ထိုသူတို့နှင့်အတူ ကိုယ်တိုင် လာရမည်ဟု အာမသအား မိန့်တော်မူ၏။
5. အာမသသည်သွား၍ ယုဒလူတို့ကို နှိုးဆော်သဖြင့်၊ ချိန်းချက်သောအချိန်ကို လွန်စေ၏။
6. ဒါဝိဒ်ကလည်း၊ အဗရှလုံပြုသည်ထက် ဗိခရိသားရှေဘသည်သာ၍ အပြစ်ပြုလိမ့်မည်။ သင့်သခင်၏ ကျွန်တို့ကိုခေါ်၍ ထိုသူကိုလိုက်လော့။ သို့မဟုတ်သူသည် ခိုင်ခံ့သောမြို့တစုံတမြို့ထဲသို့ ဝင်၍ ငါတို့ လက်မှ လွတ်လိမ့်မည်ဟု အဘိရှဲအား မိန့်တော်မူသည်အတိုင်း၊
7. အဘိရှဲနောက်မှာ ယွာဘ၏လူများနှင့်ခေရသိ လူ၊ ပေလသိလူများမှစ၍ ခွန်အားကြီးသောသူအပေါင်း တို့သည် ဗိခရိသားရှေဘကို လိုက်အံ့သောငှါ ယေရုရှလင် မြို့မှထွက်သွားကြ၏။
8. ဂိဗောင်မြို့၌ရှိသော ကျောက်ကြီးသို့ ရောက်ကြသောအခါ၊ အာမသသည်သူတို့ ရှေ့သို့ချီသွားလေ၏။ ယွာဘသည် မိမိဝတ်သော အဝတ်ကို ခါး၌စည်းလျက်၊ ထိုခါးစည်းပေါ်မှာလည်း ထားကိုအိမ်နှင့်တကွ ဆွဲလျက် ထား၏။ သွားစဉ်တွင်ထားသည် လျှော၍ကျ၏။
9. ယွာဘကလည်း၊ မာ၏လားငါ့ညီဟု အာမသကို မေး၍ နမ်းဟန်ဆောင်လျက် လက်ျာလက်နှင့် အာမသ ၏မုတ်ဆိတ်ကို ကိုင်၏။