7. ယခုမှာ အားယူ၍ ရဲရင့်ခြင်းသတ္တိရှိကြလော့။ သင်တို့အရှင်ရှောလုသေပြီ။ ယုဒအမျိုးသားတို့သည် ဘိသိတ်ပေးသဖြင့် ငါ့ကိုရှင်ဘုရင်အရာ၌ ချီးမြောက်ကြပြီဟု မှာလိုက်လေ၏။
8. သို့ရာတွင် ရှောလု၏ဗိုလ်ချုပ်မင်းနေရသား အာဗနာသည်၊ ရှောလုသားဣရှဗောရှက်ကိုယူ၍ မဟာနိမ် မြို့သို့ ဆောင်သွားပြီးလျှင်၊
9. ဂိလဒ်ပြည်၊ အာရှာအမျိုးသားများ၊ ယေဇရေလမြို့သားများ၊ ဧဖရိမ်ခရိုင်၊ ဗင်္ယာမိန်ခရိုင်အစရှိသော ဣသရေလနိုင်ငံလုံးကို အစိုးရသော ရှင်ဘုရင်အရာ၌ ချီးမြှောက်လေ၏။
10. ရှောလု၏သား ဣရှဗောရှက်သည် အသက်လေးဆယ်ရှိသော်၊ ဣသရေလနိုင်ငံကို အစိုးရ၍ နှစ်နှစ် စိုးစံလေ၏။ ယုဒအမျိုးမူကား ဒါဝိဒ်နောက်သို့ လိုက်ကြ၏။
11. ဒါဝိဒ်သည် ဟေဗြုန်မြို့၌နေ၍ ယုဒအမျိုးကို အစိုးရသောနှစ်ပေါင်းကား ခုနစ်နှစ်နှင့်ခြောက်လဖြစ် သတည်း။
12. တဖန်နေရသား အာဗနာသည် ရှောလုသား ဣရှဗောရှက်၏ကျွန်များနှင့်တကွ၊ မဟာနိမ်မြို့မှ ဂိဗောင်မြို့သို့သွား၍၊
13. ဇေရုယာသားယွာဘနှင့် ဒါဝိဒ်၏ကျွန်တို့သည် ဆီးကြိုသဖြင့်၊ ဂိဗောင်ရေကန်အနားမှာဆုံမိလျက် ရေကန် တဘက်တချက်၌ ထိုင်ကြ၏။
14. အာဗနာကလည်း၊ လုလင်တို့သည်ထ၍ ငါတို့ရှေ့မှာကစားကြပါလေစေဟုဆိုသော်၊ ယွာဘက ထကြပါ လေစေဟုဆိုသည်အတိုင်း၊
15. ရှောလုသားဣရှဗောရှက်၏ လူဗင်္ယာမိန်အမျိုးသားတကျိပ်နှစ်ယောက်နှင့် ဒါဝိဒ်၏ကျွန်တကျိပ် နှစ်ယောက်တို့သည် ထ၍ကူးလာကြ၏။
16. သူတို့သည်လူချင်းတိုက်၍ လူတိုင်း မိမိတိုက်ဘက်၏ ခေါင်းကိုကိုင်လျက်၊ နံဖေးကိုထားနှင့်ထိုးလျက် တစုတည်းလဲသေကြ၏။ သို့ဖြစ်၍ ဂိဗောင်မြို့နယ်၌ ရှိသော ထိုအရပ်ကို ဟေလကသဇ္ဇုရိမ်ဟူသော အမည်ဖြင့် သမုတ်ကြ၏။
17. ထိုနေ့၌ ပြင်းစွာစစ်တိုက်၍ အာဗနာနှင့် ဣသ ရေလလူတို့သည် ဒါဝိဒ်၏ကျွန်တို့ရှေ့မှာ ရှုံးကြလေ၏။
18. ဇေရုယာသားသုံးယောက်၊ ယွာဘ၊ အဘိရှဲ၊ အာသဟေလပါကြ၏။ အာသဟေလသည်တော၌ ကျင်လည်သောဒရယ်ကဲ့သို့ လျင်မြန်၏။
19. အာသဟေလသည် လက်ျားလက် လက်ဝဲဘက် သို့မလွှဲ အာဗနာကို လိုက်၏။
20. အာဗနာသည်နောက်သို့ကြည့်၍၊ သင်သည် အာသဟေလမှန်သလောဟုမေးသော်၊ မှန်သည်ဟု ပြန်ပြော၏။
21. အာဗနာကလည်း၊ လက်ျာဘက်သော်၎င်း၊ လက်ဝဲဘက်သော်၎င်း လှည့်သွားလျက်၊ လုလင် တယောက်ကို ဘမ်းဆီး၍ သူ၏လက်နက်စုံကို လုယူတော့ဟုဆိုသော်လည်း၊ အာသဟေလသည် မလှည့်ဘဲ လိုက်သေး၏။
22. တဖန်အာဗနာက ငါ့ကိုမလိုက်နှင့်။ လှည့်သွားတော့။ သင့်ကို မြေပေါ်သို့အဘယ်ကြောင့် ငါလှဲရမည် နည်း။ သို့ပြုလျှင် သင့်အစ်ကိုယွာဘရှေ့မှာ ငါ့မျက်နှာကို အဘယ်သို့ ငါပြနိုင်မည်နည်းဟု ဆိုသော်လည်း၊