၂ ရာ 19:6-19 Judson Bible (BJB)

6. ရန်သူတို့ကိုချစ်၍ အဆွေခင်ပွန်းတို့ကို မုန်းတော်မူ၏။ မှူးမတ်များ၊ ကျွန်များတို့ကို ပမာဏပြုတော် မမူကြောင်းကို ယနေ့ထင်ရှားစွာပြတော်မူပြီ။ အဗရှလုံသည် အသက်ရှင်၍ ကျွန်တော်မျိုးအပေါင်းတို့သည် ယနေ့သေလျှင် အားရတော်မူလိမ့်မည်ဟု ယနေ့ ကျွန်တော်သိမြင်ပါ၏။

7. ယခုမှာထတော်မူပါ။ ကြွ၍ကိုယ်တော်ကျွန် တို့အား နှစ်သိမ့်စကားကို ပြောတော်မူပါ။ ကြွတော်မမူ လျှင် ယနေ့ညမှာ အထံတော်၌ လူတယောက်မျှမနေပါ။ ထိုအမှုသည် ငယ်သောအရွယ်မှစ၍ ယခုတိုင်အောင် ကိုယ်တော်၌ ဖြစ်လေသမျှသော အမှုထက်သာ၍ ဆိုးပါလိမ့်မည်ဟု ထာဝရဘုရားကို တိုင်တည်၍ ကျွန်တော်ကျိန်ဆိုပါသည်ဟု လျှောက်သော်၊

8. ရှင်ဘုရင်သည် ထ၍တံခါးဝ၌ထိုင်တော်မူ၏။ ရှင်ဘုရင်သည် တံခါးဝ၌ထိုင်တော်မူသည်ကို လူအပေါင်း တို့သည် ကြားသောအခါ အထံတော်သို့ ချဉ်းကပ်ကြ၏။ ဣသရေလလူများမူကား မိမိတို့နေရာသို့ ပြေးသွားကြပြီ။

9. ထိုနောက်၊ ဣသရေလအမျိုးအနွယ်အပေါင်းတို့က၊ ရှင်ဘုရင်သည် ဖိလိတ္တိလူအစရှိသော ရန်သူ တို့လက်မှ ငါတို့ကိုကယ်နှုတ်တော်မူပြီ။ယခုမှာ အဗရှလုံကြောင့် နိုင်ငံတော်မှ ထွက်ပြေးတော်မူရ၏။

10. ငါတို့ ဘိသိက်ပေး၍ ချီးမြှောက်သော အဗရှလုံ သည် စစ်တိုက်ပွဲ၌သေပြီ။ ယခုမှာ ရှင်ဘုရင်ကို တဖန် ဆောင်ခဲ့ရမည်ဟုမဆို၊ အဘယ်ကြောင့် တိတ်ဆိတ်စွာ နေကြသနည်းဟု အချင်းချင်းအပြစ်တင်ကြ၏။

11. ဒါဝိဒ်မင်းကြီးသည်လည်း ယဇ်ပုရောဟိတ် ဖာဒုတ်နှင့် အဗျာသာတို့ထံသို့ လူကိုစေလွှတ်၍၊ ယုဒ အမျိုးသက်ကြီးသူတို့ထံသို့ သွား၍ပြောရမည်ကား၊ ရှင်ဘုရင်ကို နန်းတော်သို့ ပြန်ပို့ရမည်အမှုမှာ သင်တို့သည် အဘယ်ကြောင့် နောက်ကျကြသနည်း။ ရှင်ဘုရင်သည် စံနန်းတော်၌ နေစဉ်အခါ၊ ဣသရေလအမျိုးသား အပေါင်းတို့ ပြောတတ်သောစကားကို ကြားတော်မူပြီ။

12. သင်တို့သည် ငါ့ညီအစ်ကို၊ ငါ့အရိုး၊ ငါ့အသား ဖြစ်၍၊ ရှင်ဘုရင်ကို ပြန်ပို့မည့်အမှုမှာ အဘယ်ကြောင့် နောက်ကျကြသနည်းဟူ၍၎င်း၊

13. အာမသအားလည်း၊ သင်သည် ငါ့အသား ငါ့အရိုးတို့ အဝင်ဖြစ်သည်မဟုတ်လော။ သင်သည် ငါ့ရှေ့ မှာ ယွာဘ၏ကိုယ်စားအစဉ် ဗိုလ်ချုပ်မင်းမဖြစ်လျှင် ထိုမျှမက ဘုရားသခင်သည် ငါ၌ပြုတော်မူစေသတည်း ဟူ၍၎င်း၊ ပြောကြလော့ဟု မှာလိုက်တော်မူ၏။

14. ထိုသို့ယုဒအမျိုးသား အပေါင်းတို့ကို တညီ တညွတ်တည်း နှလုံးညွတ်စေတော်မူသဖြင့်၊ သူတို့က ကိုယ်တော်ကျွန်အပေါင်းတို့နှင့်တကွ ကိုယ်တော်တိုင် ပြန်လာတော်မူပါဟု ရှင်ဘုရင်အား လျှောက်စေကြ၏။

15. ထိုအခါ ရှင်ဘုရင်သည် ပြန်၍ယော်ဒန်မြစ်သို့ ရောက်တော်မူ၏။ ယုဒအမျိုးသည် ရှင်ဘုရင်ကို ခရီး ဦးကြိုပြု၍ ယော်ဒန်မြစ်တဘက်သို့ပို့ခြင်းငှါ ဂိလဂါလ မြို့သို့ သွားကြ၏။

16. ဗင်္ယာမိန်အမျိုးဖြစ်သော ဗာဟုရိမ်မြို့သား ဂေရ၏သားရှိမိသည် ယုဒအမျိုးသားတို့နှင့်အတူ ဒါဝိဒ် မင်းကြီးကို ခရီးဦးကြိုပြုခြင်းငှါ အလျင်အမြန် လိုက်လာ၏။

17. သူနှင့်အတူ ဗင်္ယာမိန်အမျိုးသားတထောင်၊ ရှောလုအဆွေအမျိုး၏ ကျွန်ဇိဘနှင့် သူ၏သားတကျိပ် ငါးယောက်၊ ကျွန်နှစ်ဆယ်တို့သည်လည်း လိုက်လာ၍ ရှင်ဘုရင်ရှေ့တော်၌ ယော်ဒန်မြစ်ကို ကူးကြ၏။

18. ကုတို့လှေသည် နန်းတော်သားများကို ပို့ခြင်းငှါ၎င်း၊ အလိုတော်ကိုဆောင်ခြင်းငှါ၎င်း၊ သွားလာလျက် ရှိ၏။ ယော်ဒန်မြစ်ကို ကူးတော်မူသောအခါ၊ ဂေရ၏သား ရှိမိသည် ရှေ့တော်၌ပြပ်ဝပ်၍၊

19. ကျွန်တော်အရှင်သည် ကျွန်တော်ကို အပြစ် ပေးတော်မမူပါနှင့်။ အရှင်မင်းကြီးသည် ယေရုရှလင်မြို့မှ ထွက်တော်မူသောနေ့၌ ကိုယ်တော်ကျွန်သည် လွန်ကျူး စွာ ပြုမိသောအမှုကို မှတ်တော်မမူပါနှင့်။ နှလုံးသွင်း တော်မမူပါနှင့်။

၂ ရာ 19