၂ ရာ 19:14-29 Judson Bible (BJB)

14. ထိုသို့ယုဒအမျိုးသား အပေါင်းတို့ကို တညီ တညွတ်တည်း နှလုံးညွတ်စေတော်မူသဖြင့်၊ သူတို့က ကိုယ်တော်ကျွန်အပေါင်းတို့နှင့်တကွ ကိုယ်တော်တိုင် ပြန်လာတော်မူပါဟု ရှင်ဘုရင်အား လျှောက်စေကြ၏။

15. ထိုအခါ ရှင်ဘုရင်သည် ပြန်၍ယော်ဒန်မြစ်သို့ ရောက်တော်မူ၏။ ယုဒအမျိုးသည် ရှင်ဘုရင်ကို ခရီး ဦးကြိုပြု၍ ယော်ဒန်မြစ်တဘက်သို့ပို့ခြင်းငှါ ဂိလဂါလ မြို့သို့ သွားကြ၏။

16. ဗင်္ယာမိန်အမျိုးဖြစ်သော ဗာဟုရိမ်မြို့သား ဂေရ၏သားရှိမိသည် ယုဒအမျိုးသားတို့နှင့်အတူ ဒါဝိဒ် မင်းကြီးကို ခရီးဦးကြိုပြုခြင်းငှါ အလျင်အမြန် လိုက်လာ၏။

17. သူနှင့်အတူ ဗင်္ယာမိန်အမျိုးသားတထောင်၊ ရှောလုအဆွေအမျိုး၏ ကျွန်ဇိဘနှင့် သူ၏သားတကျိပ် ငါးယောက်၊ ကျွန်နှစ်ဆယ်တို့သည်လည်း လိုက်လာ၍ ရှင်ဘုရင်ရှေ့တော်၌ ယော်ဒန်မြစ်ကို ကူးကြ၏။

18. ကုတို့လှေသည် နန်းတော်သားများကို ပို့ခြင်းငှါ၎င်း၊ အလိုတော်ကိုဆောင်ခြင်းငှါ၎င်း၊ သွားလာလျက် ရှိ၏။ ယော်ဒန်မြစ်ကို ကူးတော်မူသောအခါ၊ ဂေရ၏သား ရှိမိသည် ရှေ့တော်၌ပြပ်ဝပ်၍၊

19. ကျွန်တော်အရှင်သည် ကျွန်တော်ကို အပြစ် ပေးတော်မမူပါနှင့်။ အရှင်မင်းကြီးသည် ယေရုရှလင်မြို့မှ ထွက်တော်မူသောနေ့၌ ကိုယ်တော်ကျွန်သည် လွန်ကျူး စွာ ပြုမိသောအမှုကို မှတ်တော်မမူပါနှင့်။ နှလုံးသွင်း တော်မမူပါနှင့်။

20. ကိုယ်တော်ကျွန်သည် ပြစ်မှားမိသည်ကို ကိုယ် တော်ကျွန်သိပါ၏။ သို့သော်လည်း ယောသပ်အမျိုးသား အပေါင်းတို့အရင်၊ ကျွန်တော်သည် ယနေ့အရှင် မင်းကြီးကို ခရီးဦးကြိုပြုခြင်းငှါ လာပါပြီဟု လျှောက် လေ၏။

21. ဇေရုယာသား အဘိရှဲကလည်း၊ ရှိမိသည် ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောအရှင်ကို ကျိန်ဆဲ သောကြောင့် အသေသတ်ခြင်းကို ခံရမည် မဟုတ်လော ဟုဆိုသော်၊

22. ဒါဝိဒ်က၊ အိုဇေရုယာသားတို့၊ သင်တို့သည် ယနေ့ ငါ့ရန်သူလုပ်မည်အကြောင်း ငါနှင့်အဘယ်သို့ ဆိုင်ကြသနည်း။ ဣသရေလအမျိုးသားတစုံတယောက် သည် ယနေ့အသေသတ်ခြင်းကို ခံရမည်လော။ ငါသည် ယနေ့ဣသရေလရှင်ဘုရင်ဖြစ်သည်ကို ငါသိသည် မဟုတ်လောဟုမိန့်တော်မူ၍၊

23. ရှိမိအားလည်း၊ သင်သည် အသေသတ်ခြင်းကို မခံရဟု ကျိန်ဆိုတော်မူ၏။

24. ရှောလု၏သားမေဖိဗောရှက်သည်လည်း ရှင် ဘုရင်ကို ခရီးဦးကြိုပြုခြင်းငှါ လာ၏။ ရှင်ဘုရင်ထွက် သောနေ့မှစ၍ ငြိမ်ဝပ်စွာ ပြန်လာတော် မမူမှီတိုင်အောင်၊ သူသည် ခြေတို့ကိုမပြုစု၊ မုတ်ဆိတ်ကို မပြင်ဆင်၊ အဝတ် ကို မလျှော်ဘဲနေပြီ။

25. ရှင်ဘုရင်ကို ခရီးဦးကြိုပြုခြင်းငှါ ယေရုရှလင်မြို့ သို့ ရောက်လာသောအခါ၊ ရှင်ဘုရင်က မေဖိဗောရှက် ငါနှင့်အတူ အဘယ်ကြောင့် မလိုက်သနည်းဟု မေးတော် မူလျှင်၊

26. အရှင်မင်းကြီး၊ ကိုယ်တော်ကျွန်သည် ခြေဆွံ့ သောကြောင့် မြည်းစီး ၍ ကိုယ်တော်ထံသို့သွားခြင်းငှါ မြည်းကိုကုန်းနှီးတင်မည်ဟု ကြံစဉ်အခါ၊ ကျွန်တော်ကျွန် သည် ကျွန်တော်ကို လှည့်စားပါ၏။

27. အရှင်မင်းကြီးထံတော်၌ ကိုယ်တော်ကျွန်ကို ကုန်းတိုက်ပါပြီ။ သို့ရာတွင် အရှင်မင်းကြီးသည် ဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့ ဖြစ်တော်မူ၏။ စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါ။

28. ကျွန်တော်အဆွေအမျိုးအပေါင်းတို့သည် အရှင် မင်းကြီးရှေ့တော်မှာ လူသေဖြစ်ကြသော်လည်း၊ စားပွဲ တော်၌ စားသောသူတို့နှင့် အတူကိုယ်တော်ကျွန်ကို နေရာပေးတော်မူပြီ။ သို့ဖြစ်၍ ရှင်ဘုရင်ထံတော်၌ ကျွန်တော်မြည်တမ်းရသော အခွင့်သည် အဘယ်သို့ ရှိပါသနည်းဟု ပြန်လျှောက်သော်၊

29. ရှင်ဘုရင်က သင်၏အမှုအရာတို့ကို အဘယ် ပြောစရာရှိသနည်း။ သင်နှင့်ဇိဘသည်မြေကို ဝေ၍ ယူရကြမည်ငါစီရင်ပြီဟု မိန့်တော်မူ၏။

၂ ရာ 19