၂ ရာ 18:23-33 Judson Bible (BJB)

23. ပြေးပါရစေဟု တဖန် အခွင့်တောင်းသောကြောင့် ပြေးလော့ဟုအခွင့်ပေး၏။ ထိုအခါ အဟိမတ်သည် လွင်ပြင်လမ်း၌ပြေး၍ ကုရှိကိုလွန်လေ၏။

24. ဒါဝိဒ်သည် မြို့တံခါးနှစ်ထပ်ကြား မှာထိုင်၍နေ၏။ ကင်းစောင့်တယောက်သည် မြို့ရိုးတံခါးအပေါ် ပြအိုးမိုးအောက်သို့ တက်၍ မြော်ကြည့်သဖြင့် လူ တယောက်တည်းပြေးလာသည်ကို မြင်သောအခါ၊

25. ရှင်ဘုရင်အား ဟစ်၍ လျှောက်လေ၏။ ရှင်ဘုရင်ကလည်း၊ တယောက်တည်းဖြစ်လျှင် သိတင်း ပါလိမ့်မည်ဟု အမိန့်ရှိ၏။ ထိုသူသည် ပြေးလာ၍ အနီးသို့ ရောက်သောအခါ၊

26. ကင်းစောင့်သည်လည်း အခြားသော သူပြေးလာသည်ကိုမြင်၍၊ အခြားသောသူတယောက်တည်း ပြေးလာပါသည်ဟု တံခါးသို့လှည့်၍ ဟစ်လျှင်၊ ရှင်ဘုရင်က ထိုသူ၌လည်း သိတင်းပါလိမ့်မည်ဟု အမိန့်ရှိ၏။

27. ကင်စောင့်ကလည်း၊ ရှေ့လာသော သူ၏ပြေးခြင်းသည် ဇာဒုတ်သား အဟိမတ်ပြေးခြင်းနှင့် တူသည် ကို ကျွန်တော်ထင်ပါသည်ဟု လျှောက်သော်၊ ရှင်ဘုရင်က သူသည် လူကောင်းဖြစ်၏။ ကောင်းသော သိတင်းပါလိမ့် မည်ဟု အမိန့်ရှိပြန်၏။

28. အဟိမတ်ကလည်း၊ ချမ်းသာရပါ၏ဟုဟစ်လျက် ရှင်ဘုရင်ရှေ့မြေပေါ်မှာ ပြပ်ဝပ်လျက်၊ အရှင်မင်းကြီး ကို ပုန်ကန်သောလူတို့ကို အပ်တော်မူသောကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာ ရှိတော်မူစေသတည်းဟု လျှောက်လေ၏။

29. ရှင်ဘုရင်ကလည်း၊ ငါ့သား အဗရှလုံသည် ဘေးလွတ်၏လောဟု မေးတော်မူလျှင် အဟိမတ်က၊ အရှင်မင်းကြီး၏ ကျွန်ယွာဘသည် ကိုယ်တော်ကျွန် ကိုစေလွှတ်သောအခါ ရုန်းရင်းခတ်ခြင်းအမှုကို ကျွန် တော်မြင်သော်လည်း သေချာစွာမသိရပါဟု လျှောက် သော်၊

30. ရှင်ဘုရင်က၊ ဤအနားမှာ ရွှေ့၍နေလော့ဟု မိန့်တော်မူသည်အတိုင်း သူသည်ရွှေ့၍ နေလေ၏။

31. တဖန် ကုရှိရောက်လာ၍ အရှင်မင်းကြီး၊ သိတင်းပါပါ၏။ ကိုယ်တော်ကို ပုန်ကန်သော သူအပေါင်း တို့ကို ထာဝရဘုရားသည် ထိုသူ၏ အပြစ်အလျောက် ယနေ့စီရင်တော်မူပြီဟု လျှောက်လျှင်၊

32. ရှင်ဘုရင်က၊ ငါ့သားအဗရှလုံသည် ဘေးလွတ် ၏လောဟု မေးတော်မူသော်၊ ကုရှိက အရှင်မင်းကြီး၏ ရန်သူများ၊ ကိုယ်တော်ကို ညှဉ်းဆဲခြင်းငှါ ပုန်ကန်သောသူများအပေါင်းတို့သည် ထိုလုလင်ကဲ့သို့ဖြစ်ကြပါ စေသောဟု ပြန်လျှောက်လေ၏။

33. ရှင်ဘုရင်သည် အလွန်ကြင်နာသောစိတ် ရှိသဖြင့် မြို့တံခါးအပေါ်၌ရှိသော တဲသို့တက်၍ တက်စဉ် တွင်၊ အိုငါ့သားအဗရှလုံ၊ ငါ့သား၊ ငါ့သားအဗရှလုံ၊ သင့်ကိုယ်စား ငါမသေပါလေတကား။ အိုအဗရှလုံ၊ ငါ့သား၊ ငါ့သားဟု ငိုကြွေးလေ၏။

၂ ရာ 18