1. တဖန်အဟိသောဖေလက၊ ကျွန်တော်သည် လူတသောင်းနှစ်ထောင်တို့ကို ရွေကောက်ပါရစေ။ ယနေ့ ညဉ့်ပင် ကျွန်တော်ထ၍ ဒါဝိဒ်ကိုလိုက်ပါမည်။
2. သူသည်မောလျက် လက်အားနည်းလျက် နေစဉ်အခါ ကျွန်တော်တိုက်၍ သူ့ကိုထိတ်လန့်စေမည်။ သူ၌ ပါသော လူအပေါင်းတို့သည် ပြေးကြ၍၊ ရှင်ဘုရင်ကိုသာ ကျွန်တော်လုပ်ကြံပါမည်။
3. လူအပေါင်းတို့ကို ကိုယ်တော်ထံသို့ ဆောင်ခဲ့ပါမည်။ ကိုယ်တော်ရှာသောသူတယောက်တည်းကိုရလျှင်၊ လူအပေါင်းတို့သည် ပြန်လာ၍ ငြိမ်ဝပ်ကြပါလိမ့်မည်ဟု လျှောက်လျှင်၊
4. ထိုစကားကိုအဗရှလံနှင့် ဣသရေလအမျိုး အသက်ကြီးသူတို့သည် နှစ်သက်ကြ၏။
5. ထိုအခါ အဗရှလုံက၊ အာခိလူရှဲကိုလည်းခေါခဲ့။ ငါတို့သည် သူ၏စကားကိုနာကြားကြကုန်အံ့ဟုဆိုသည် အတိုင်း၊
6. ဟုရှဲသည်လာ၍ အဗရှလုံက၊ အဟိသောဖေလသည် ဤမည်သောအကြံကိုပေးပြီ။ သူ၏စကားကို နားထောင် သင့်သလော။ သို့မဟုတ် သင်ပြောလော့ဟုဆိုလျှင်၊
7. ဟုရှဲက အဟိသောဖေလပေးသော အကြံသည် ယခုကာလ၌ မလျော်ပါ။
8. ခမည်းတော်နှင့် သူ၏လူတို့သည် ခွန်အားကြီးသောသူဖြစ်ကြောင်းကို၎င်း၊ ယခုမူကား တော၌ သားငယ်ပျောက်သော ဝံမကဲ့သို့ ပြင်းထန်သောစိတ်ရှိကြောင်းကို၎င်း၊ ကိုယ်တော်သိတော်မူ၏။ ခမည်းတော် သည်လည်း စစ်သူရဲဖြစ်၍ လူများတို့နှင့်အတူ မအိပ်တတ်။
9. ယခုမှာသူသည် မြေတွင်းတစုံတခု၌ ပုန်းလျက်နေပါလိမ့်မည်။ သို့မဟုတ်အခြားသောအရပ်၌ ပုန်းလျက် နေပါလိမ့်မည်။ လူအချို့တို့သည် အဦးလဲ၍သေလျှင် ထိုသိတင်းကိုကြားသောသူက၊ အဗရှလုံနောက်သို့ လိုက်သောသူသည် ဆုံးရှုံးကြပြီဟု ကြားပြောကြပါလိမ့်မည်။
10. ထိုအခါ ရဲရင့်သောသူ၊ ခြင်္သေ့နှလုံးကဲ့သို့ နှလုံးရှိသောသူသည် စိတ်ပျက်ပါလိမ့်မည်။ ခမည်းတော်သည် ခွန်အားကြီးသောသူဖြစ်ကြောင်းကို၎င်း၊ သူ၌ပါသော သူတို့သည် ရဲရင့်ခြင်းသတ္တိရှိသောသူဖြစ်ကြောင်းကို၎င်း၊ ဣသရေလအမျိုးသားအပေါင်းတို့သည် သိကြပါ၏။