8. ထာဝရဘုရားသည် အကျွန်ုပ်ကို တဖန်ယေရုရှလင်မြို့သို့ ဆောင်တော်မူလျှင်၊ ထာဝရဘုရားဝတ်ကို အကျွနုပ်ပြုပါမည်ဟု ကိုယ်တော်ကျွန်သည် ရှုရိပြည် ဂေရှုရမြို့၌နေသောအခါ သစ္စာဂတိပြုပါပြီ။ သို့ဖြစ်၍ ကျွန်တော်သည် ထာဝရဘုရားအား သစ္စာဂတိပြုသည်အတိုင်း၊ ဟေဗြုန်မြို့သို့သွား၍ သစ္စာဝတ်ကိုဖြေရမည် အကြောင်း အခွင့်ပေးတော်မူပါဟု လျှောက်လျှင်၊
9. ရှင်ဘုရင်က၊ ငြိမ်ဝပ်စွာသွားလော့ဟု မိန့်တော်မူ၏။ ထိုအခါ အဗရှလုံသည်ထ၍ ဟေဗြုန်မြို့သို့သွား၏။
10. သို့ရာတွင် လျှို့ဝှက်သောသူတို့ကို ဣသရေလအမျိုးအနွယ်ရှိသမျှသို့ အနှံ့အပြားစေလွှတ်သဖြင့်၊ သင်တို့ သည် တံပိုးမှုတ်သံကို ကြားသောအခါ အဗရှလုံသည် ဟေဗြုန်မြို့၌ နန်းထိုင်တော်မူပြီဟု ပြောဆိုကြလော့ဟု မှာထားလေ၏။
11. အဗရှလုံခေါ်သော လူနှစ်ရာတို့သည် ယေရုရှလင်မြို့ထဲက ထွက်သွားကြ၏။ သူတို့သည် အဘယ် အမှုကိုမျှ မသိဘဲကောင်းသော စိတ်နှင့်လိုက်ကြ၏။
12. ဒါဝိဒ်၏တိုင်ပင်မတ်၊ ဂိလောမြို့သားအဟိသော ဖေလသည် မိမိနေရာဂိလောမြို့၌ ယဇ်ပူဇော်လျက်ရှိ၍ အဗရှလုံခေါ်လေ၏။ အဗရှလုံနောက်သို့ လိုက်သော သူတို့သည် တိုးပွားများပြားသဖြင့် ပုန်ကန်ခြင်းအမှု အားကြီးလေ၏။
13. သိတင်းပြောသောသူတယောက်သည် ဒါဝိဒ်ထံ သို့လာ၍၊ ဣသရေလအမျိုးသားတို့၏ စိတ်နှလုံးသည် အဗရှလုံဘက်သို့ ပါသွားပါပြီဟု ကြားလျှောက်လေ၏။
14. ဒါဝိဒ်ကလည်း၊ ငါတို့သည် ထ၍ပြေးကြကုန်အံ့၊ မပြေးလျှင် အဗရှလုံလက်နှင့်မလွတ်၊ အလျင်အမြန် ထွက်ကြကုန်အံ့။ သို့မဟုတ်လျှင် သူသည် ချက်ခြင်းတိုက်လာသဖြင့်၊ ငါတို့ကို ဘေးပြု၍ မြို့ကိုလည်း ထားနှင့် လုပ်ကြံလိမ့်မည်ဟု ယေရုရှလင်မြို့တွင် အထံတော်၌ရှိသော ကျွန်အပေါင်းတို့အား မိန့်တော်မူ၏။
15. ရှင်ဘုရင်၏ ကျွန်တို့ကလည်း၊ အရှင်မင်းကြီး စီရင်တော်မူသမျှတို့ကို ကိုယ်တော်ကျွန်တို့သည် ပြုပါမည် ဟုလျှောက်ကြလျှင်၊
16. ရှင်ဘုရင်သည် နန်းတော်သားအပေါင်း တို့နှင့်တကွ ထွက်သွား၏။ သို့ရာတွင် နန်းတော်ကို စောင့်စေခြင်းငှါ၊ ကိုယ်လုပ်တော် မိန်းမတကျိပ်တို့ကို ထားခဲ့လေ၏။
17. ထိုသို့ရှင်ဘုရင်နှင့် ကိုယ်တော်၌ပါသောသူ အပေါင်းတို့သည် ထွက်သွား၍ ဗေသာမေရက်ရွာမှာ စားခန်းချကြ၏။