5. လူတစုံတယောက်သည် ရိုသေစွာပြု၍ ချဉ်းကပ်သောအခါ၊ အဗရှလုံသည် လက်ကိုဆန့်၍ ထိုသူကို ကိုင်လျက် နမ်းလေ့ရှိ၏။
6. ထိုသို့စီရင်တော်မူခြင်းကို ခံအံ့သောငှါ၊ ရှင်ဘုရင်ထံတော်သို့လာသော ဣသရေလအမျိုးသား အပေါင်းတို့အား အဗရှလုံပြု၍ သူတို့စိတ်နှလုံးကို ခိုးလေ၏။
7. လေးနှစ်လွန်သောအခါ အဗရှလုံသည် ရှင်ဘုရင်ထံတော်သို့ ဝင်၍၊
8. ထာဝရဘုရားသည် အကျွန်ုပ်ကို တဖန်ယေရုရှလင်မြို့သို့ ဆောင်တော်မူလျှင်၊ ထာဝရဘုရားဝတ်ကို အကျွနုပ်ပြုပါမည်ဟု ကိုယ်တော်ကျွန်သည် ရှုရိပြည် ဂေရှုရမြို့၌နေသောအခါ သစ္စာဂတိပြုပါပြီ။ သို့ဖြစ်၍ ကျွန်တော်သည် ထာဝရဘုရားအား သစ္စာဂတိပြုသည်အတိုင်း၊ ဟေဗြုန်မြို့သို့သွား၍ သစ္စာဝတ်ကိုဖြေရမည် အကြောင်း အခွင့်ပေးတော်မူပါဟု လျှောက်လျှင်၊
9. ရှင်ဘုရင်က၊ ငြိမ်ဝပ်စွာသွားလော့ဟု မိန့်တော်မူ၏။ ထိုအခါ အဗရှလုံသည်ထ၍ ဟေဗြုန်မြို့သို့သွား၏။
10. သို့ရာတွင် လျှို့ဝှက်သောသူတို့ကို ဣသရေလအမျိုးအနွယ်ရှိသမျှသို့ အနှံ့အပြားစေလွှတ်သဖြင့်၊ သင်တို့ သည် တံပိုးမှုတ်သံကို ကြားသောအခါ အဗရှလုံသည် ဟေဗြုန်မြို့၌ နန်းထိုင်တော်မူပြီဟု ပြောဆိုကြလော့ဟု မှာထားလေ၏။
11. အဗရှလုံခေါ်သော လူနှစ်ရာတို့သည် ယေရုရှလင်မြို့ထဲက ထွက်သွားကြ၏။ သူတို့သည် အဘယ် အမှုကိုမျှ မသိဘဲကောင်းသော စိတ်နှင့်လိုက်ကြ၏။
12. ဒါဝိဒ်၏တိုင်ပင်မတ်၊ ဂိလောမြို့သားအဟိသော ဖေလသည် မိမိနေရာဂိလောမြို့၌ ယဇ်ပူဇော်လျက်ရှိ၍ အဗရှလုံခေါ်လေ၏။ အဗရှလုံနောက်သို့ လိုက်သော သူတို့သည် တိုးပွားများပြားသဖြင့် ပုန်ကန်ခြင်းအမှု အားကြီးလေ၏။
13. သိတင်းပြောသောသူတယောက်သည် ဒါဝိဒ်ထံ သို့လာ၍၊ ဣသရေလအမျိုးသားတို့၏ စိတ်နှလုံးသည် အဗရှလုံဘက်သို့ ပါသွားပါပြီဟု ကြားလျှောက်လေ၏။
14. ဒါဝိဒ်ကလည်း၊ ငါတို့သည် ထ၍ပြေးကြကုန်အံ့၊ မပြေးလျှင် အဗရှလုံလက်နှင့်မလွတ်၊ အလျင်အမြန် ထွက်ကြကုန်အံ့။ သို့မဟုတ်လျှင် သူသည် ချက်ခြင်းတိုက်လာသဖြင့်၊ ငါတို့ကို ဘေးပြု၍ မြို့ကိုလည်း ထားနှင့် လုပ်ကြံလိမ့်မည်ဟု ယေရုရှလင်မြို့တွင် အထံတော်၌ရှိသော ကျွန်အပေါင်းတို့အား မိန့်တော်မူ၏။
15. ရှင်ဘုရင်၏ ကျွန်တို့ကလည်း၊ အရှင်မင်းကြီး စီရင်တော်မူသမျှတို့ကို ကိုယ်တော်ကျွန်တို့သည် ပြုပါမည် ဟုလျှောက်ကြလျှင်၊
16. ရှင်ဘုရင်သည် နန်းတော်သားအပေါင်း တို့နှင့်တကွ ထွက်သွား၏။ သို့ရာတွင် နန်းတော်ကို စောင့်စေခြင်းငှါ၊ ကိုယ်လုပ်တော် မိန်းမတကျိပ်တို့ကို ထားခဲ့လေ၏။
17. ထိုသို့ရှင်ဘုရင်နှင့် ကိုယ်တော်၌ပါသောသူ အပေါင်းတို့သည် ထွက်သွား၍ ဗေသာမေရက်ရွာမှာ စားခန်းချကြ၏။
18. ကျွန်တော်မျိုးအပေါင်းတို့သည် ခြံရံလျက် လိုက်ကြ၏။ ဂါသမြို့မှ လိုက်လာသော သူခြောက်ရာ တည်းဟူသော ဂိတ္တိလူအပေါင်းနှင့် ခေရသိလူ၊ ပေလသိ လူအပေါင်းသည် ရှေ့တော်၌ ချီသွားကြ၏။
19. ထိုအခါ ရှင်ဘုရင်သည် ဂိတ္တိလူအိတ္တဲအားလည်း၊ ငါတို့နှင့် အဘယ်ကြောင့် လိုက်သနည်း။ ရှင်ဘုရင်ထံသို့ ပြန်၍နေလော့။ သင်သည် တပါးအမျိုးသား၊ နေရာမကျ သော ဧည့်သည်ဖြစ်၏။
20. မနေ့ကသာရောက်လာသည်ဖြစ်၍၊ ယနေ့ငါတို့ နှင့်အတူ အရပ်ရပ်လှည့်လည်ရမည်လော။ ငါသည် သွားရသော အခွင့်ရှိသည်အတိုင်း သွားရသောကြောင့်၊ သင်သည် အမျိုးသားချင်းတို့ကို ခေါ်၍ ပြန်လော့။ကရုဏာနှင့် သစ္စာရှိပါစေသောဟု မိန့်တော်မူ၏။
21. အိတ္တဲကလည်း၊ ထာဝရဘုရားအသက်၊ အရှင် မင်းကြီးအသက် ရှင်တော်မူသည်အတိုင်း၊ အကယ်၍ အရှင်မင်းကြီး အသကတော်ဆုံးသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ရှိတော်မူရာအရပ်၌ ကိုယ်တော်ကျွန်ရှိပါ လိမ့်မည်ဟု ရှင်ဘုရင်အား ပြန်လျှောက်သော်၊
22. ဒါဝိဒ်က၊ ချီသွားလော့ဟု အိတ္တဲအား မိန့်တော်မူသဖြင့်၊ ဂိတ္တိလူအိတ္တဲသည် မိမိ၌ပါသော လူကြီးလူငယ် အပေါင်းတို့နှင့်တကွ ချီသွားလေ၏။