၂ ရာ 15:14-31 Judson Bible (BJB)

14. ဒါဝိဒ်ကလည်း၊ ငါတို့သည် ထ၍ပြေးကြကုန်အံ့၊ မပြေးလျှင် အဗရှလုံလက်နှင့်မလွတ်၊ အလျင်အမြန် ထွက်ကြကုန်အံ့။ သို့မဟုတ်လျှင် သူသည် ချက်ခြင်းတိုက်လာသဖြင့်၊ ငါတို့ကို ဘေးပြု၍ မြို့ကိုလည်း ထားနှင့် လုပ်ကြံလိမ့်မည်ဟု ယေရုရှလင်မြို့တွင် အထံတော်၌ရှိသော ကျွန်အပေါင်းတို့အား မိန့်တော်မူ၏။

15. ရှင်ဘုရင်၏ ကျွန်တို့ကလည်း၊ အရှင်မင်းကြီး စီရင်တော်မူသမျှတို့ကို ကိုယ်တော်ကျွန်တို့သည် ပြုပါမည် ဟုလျှောက်ကြလျှင်၊

16. ရှင်ဘုရင်သည် နန်းတော်သားအပေါင်း တို့နှင့်တကွ ထွက်သွား၏။ သို့ရာတွင် နန်းတော်ကို စောင့်စေခြင်းငှါ၊ ကိုယ်လုပ်တော် မိန်းမတကျိပ်တို့ကို ထားခဲ့လေ၏။

17. ထိုသို့ရှင်ဘုရင်နှင့် ကိုယ်တော်၌ပါသောသူ အပေါင်းတို့သည် ထွက်သွား၍ ဗေသာမေရက်ရွာမှာ စားခန်းချကြ၏။

18. ကျွန်တော်မျိုးအပေါင်းတို့သည် ခြံရံလျက် လိုက်ကြ၏။ ဂါသမြို့မှ လိုက်လာသော သူခြောက်ရာ တည်းဟူသော ဂိတ္တိလူအပေါင်းနှင့် ခေရသိလူ၊ ပေလသိ လူအပေါင်းသည် ရှေ့တော်၌ ချီသွားကြ၏။

19. ထိုအခါ ရှင်ဘုရင်သည် ဂိတ္တိလူအိတ္တဲအားလည်း၊ ငါတို့နှင့် အဘယ်ကြောင့် လိုက်သနည်း။ ရှင်ဘုရင်ထံသို့ ပြန်၍နေလော့။ သင်သည် တပါးအမျိုးသား၊ နေရာမကျ သော ဧည့်သည်ဖြစ်၏။

20. မနေ့ကသာရောက်လာသည်ဖြစ်၍၊ ယနေ့ငါတို့ နှင့်အတူ အရပ်ရပ်လှည့်လည်ရမည်လော။ ငါသည် သွားရသော အခွင့်ရှိသည်အတိုင်း သွားရသောကြောင့်၊ သင်သည် အမျိုးသားချင်းတို့ကို ခေါ်၍ ပြန်လော့။ကရုဏာနှင့် သစ္စာရှိပါစေသောဟု မိန့်တော်မူ၏။

21. အိတ္တဲကလည်း၊ ထာဝရဘုရားအသက်၊ အရှင် မင်းကြီးအသက် ရှင်တော်မူသည်အတိုင်း၊ အကယ်၍ အရှင်မင်းကြီး အသကတော်ဆုံးသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ရှိတော်မူရာအရပ်၌ ကိုယ်တော်ကျွန်ရှိပါ လိမ့်မည်ဟု ရှင်ဘုရင်အား ပြန်လျှောက်သော်၊

22. ဒါဝိဒ်က၊ ချီသွားလော့ဟု အိတ္တဲအား မိန့်တော်မူသဖြင့်၊ ဂိတ္တိလူအိတ္တဲသည် မိမိ၌ပါသော လူကြီးလူငယ် အပေါင်းတို့နှင့်တကွ ချီသွားလေ၏။

23. ပြည်သူပြည်သားအပေါင်းတို့သည် ပြင်းစွာငိုကြွေးကြ၏။ နောက်တော်၌ လိုက်သောသူအပေါင်းတို့ သည် ချီးသွား၍၊ ရှင်ဘုရင်သည် ကိုယ်တော်တိုင် ကေဒြုန်ချောင်းကိုကူးလျှင်၊ လူအပေါင်းတို့သည် ကူ၍တောလမ်း သို့ လိုက်သွားကြ၏။

24. ဇာဒုတ်နှင့် လေဝိလူအပေါင်းတို့သည်လည်း ဘုရားသခင်၏ ပဋိညာဉ်သေတ္တာတော်ကို ထမ်းလျက် ရောက်လာ၍ သေတ္တာတော်ကို ချထားကြ၏။ လူအပေါင်းတို့သည် မြို့ထဲကထွက်၍ မကုန်မှီတိုင်အောင် အဗျာသာသည် ယဇ်ပူဇော်လျက် နေ၏။

25. ရှင်ဘုရင်သည် ဇာဒုတ်ကိုခေါ်၍၊ ဘုရားသခင်၏ သေတ္တာတော်ကို မြို့ထဲသို့ ပြန်ပို့လော့။ ထာဝရ ဘုရားသည် ငါ့ကို စိတ်တော်နှင့်တွေ့လျှင် ငါ့ကိုပို့ပြန်၍ သေတ္တာတော်ကို၎င်း၊ ကျိန်းဝပ်တော်မူရာ အရပ်ကို၎င်း ပြတော်မူမည်။

26. သို့မဟုတ် သင့်ကိုငါအလိုမရှိဟု ငါ့အားမိန့်တော်မူလျှင် ငါရှိပါ၏။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူစေသတည်းဟူ၍၎င်း၊

27. ယဇ်ပုရောဟိတ် ဇာဒုတ်အားလည်း သင်သည် ပရောဖက်ဖြစ်သည်မဟုတ်လော။ သင်၏သား အဟိမတ် နှင့် အဗျာသာ၏သား ယောနသန်၊ ထိုသားနှစ်ယောက်ကို ခေါ်၍ မြို့သို့ငြိမ်ဝပ်စွာ ပြန်သွားလော့။

28. သင်တို့ကြားလျှောက်စေသော စကားမရောက်မှီ ငါသည်တော လွင်ပြင်၌ ဆိုင်းလင့်၍နေမည်ဟု မိန့်တော် မူသည်အတိုင်း၊

29. ဇာဒုတ်နှင့် အဗျာသာတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို ယေရုရှလင်မြို့သို့ ပြန်ပို့၍ ထိုမြို့၌ နေကြ၏။

30. ဒါဝိဒ်သည်လည်း ငိုလျက်၊ ဦးခေါင်းကို ခြုံလျက်၊ ခြေနင်းကိုချွတ်လျက် သံလွင်တောင်ပေါ်သို့ တက်လေ ၏။ နောက်တော်၌ လိုက်သောသူအပေါင်းတို့သည်လည်း ဦးခေါင်းကိုခြုံလျက် ငိုကြွေးလျက် တတ်ကြ၏။

31. အဗရှလုံနှင့်ဝိုင်း၍ ပုန်ကန်သော လူစုထဲမှာ၊ အဟိသောဖေလလည်း ပါကြောင်းကို ဒါဝိဒ်သည် ကြား လျှင်၊ အိုထာဝရဘုရား၊ အဟိသော ဖေလပေးသောအကြံကို မိုက်သောအကြံဖြစ်စေတော်မူပါဟု ဆုတောင်းလေ၏။

၂ ရာ 15