၂ ရာ 13:16-32 Judson Bible (BJB)

16. နှမကလည်း အကြောင်းမရှိပါ။ ငါ၌ပြုဘူးသောအပြစ်ထက် ယခုနှင်ထုတ်သော အပြစ်သာ၍ ကြီးသည် ဟု ဆိုသော်လည်း၊ အာမနုန်သည် နားမထောင်။

17. အစေခံကျွန်တယောက်ကို ခေါ်၍ ဤမိန်းမကို နှင်ထုတ်လော့။ သူနောက်မှာ တံခါးကျင်ထိုးလော့ဟု စီရင်၏။

18. အပျိုကညာဖြစ်သော ရှင်ဘုရင်၏ သမီးတော် ဝတ်တတ်သည်အတိုင်း၊ အဆင်းအရောင်ထူးခြားသော အဝတ်ကိုဝတ်လျက်ရှိသော တာမာကို အစေခံကျွန်သည် နှင်ထုတ်၍ သူနောက်မှာ တံခါးကျင်ထိုးလေ၏။

19. တာမာသည်လည်း ခေါင်းပေါ်မှာ ပြာကိုတင်၍ အဆင်းအရောင်ထူးခြားသော အဝတ်ကိုဆုတ်ပြီးမှ၊ ခေါင်းပေါ်၌ လက်တင်၍ ငိုကြွေးလျက် ပြန်သွား၏။

20. မောင်ရင်းအဗရှလုံကလည်း၊ ငါ့အစ်ကိုအာမနုန်သည် သင်နှင့်အတူရှိပြီလော။ သို့သော်လည်း ငါ့နှမ တိတ်ဆိတ်စွာ နေလော့။ သူသည် သင်၏မောင်ဖြစ်၏။ ဤအမှုကိုမမှတ်နှင့်ဟုဆိုသော်၊ တာမာသည် မိမိမောင် အဗရှလုံအိမ်၌ ဆိတ်ညံစွာနေ၏။

21. ဒါဝိဒ်မင်းကြီးသည် ထိုအမှုအလုံးစုံကို ကြားသိသောအခါ၊ အလွန်အမျက်ထွက်၏။

22. အဗရှလုံသည် အစ်ကိုအာမနုန်အား ကောင်းသောစကား၊ မကောင်းသောစကားကိုမပြော။ သို့ရာတွင် နှမတာမာကို ရှုတ်ချသောကြောင့် အငြိုးထား၏။

23. ထိုနောက် နှစ်နှစ်စေ့သောအခါ အဗရှလုံသည် ဧဖရိမ်မြို့အနား၊ ဗာလဟာဇော်ရွာမှာ သိုးမွေးညှပ်ပွဲကို ခံ၍ ရှင်ဘုရင်၏သားတော်အပေါင်းတို့ကို ခေါ်ဘိတ်လေ၏။

24. အဗရှလုံသည်လည်း ရှင်ဘုရင်ထံတော်သို့သွား၍၊ ကိုယ်တော်ကျွန်သည် သိုးမွေးညှပ်ပွဲကို ခံပါ၏။ ကျွန်များ တို့ကို ခေါ်၍ကိုယ်တော်ကျွန်နှင့်အတူ ကိုယ်တော်တိုင် ကြွတော်မူပါဟု လျှောက်လျှင်၊

25. ရှင်ဘုရင်ကမသွားသင့်ငါ့သား၊ လူအပေါင်းတို့ကို မသွားစေနှင့်။ စရိတ်များမည်ကို စိုးရိမ်စရာရှိသည်ဟု ဆိုသဖြင့်၊ အဗရှလုံသွေးဆောင်သော်လည်း ကိုယ်တော်တိုင် မလိုက်ဘဲ ကောင်းကြီးပေး၏။

26. အဗရှလုံကလည်း၊ လိုက်တော်မမူလျှင်၊ နောင်တော်အာမနုန် လိုက်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ပြန်သော်၊ ရှင်ဘုရင်က အဘယ်ကြောင့် လိုက်စေရမည်နည်းဟု ဆိုသော်လည်း၊

27. အဗရှလုံ ပူဆာသောကြောင့် အာမနုန်မှစ၍ သားတော်ရှိသမျှ လိုက်ရသောအခွင့်ကို ပေးတော်မူ၏။

28. အဗရှလုံကလည်း၊ အာမနုန်သည် စပျစ်ရည်ကို သောက်၍ ရွှင်လန်းသောအခါ စောင့်နေကြ။ အာမနုန် ကို ထိုးခုတ်ကြဟု ငါဆိုသောအခါ၊ သေအောင်လုပ်ကြံကြ။ မစိုးရိမ်ကြနှင့်။ ငါစီရင်သည်မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိကြလော့ဟု မိမိကျွန်တို့အား မှာထားနှင့်သည် အတိုင်း၊

29. သူတို့သည် အာမနုန်ကို ပြုကြ၏။ ထိုအခါ ရှင်ဘုရင်၏ သားတော်အပေါင်းတို့သည် ထ၍ လားကို စီးလျက် ပြေးသွားကြ၏။

30. သူတို့မရောက်မှီအခြားသူလာ၍၊ အဗရှလုံသည် အရှင်မင်းကြီး၏သားတော်အပေါင်းတို့ကို သတ်ပါပြီ။ တယောက်မျှမကျန်ကြွင်းပါဟု နားတော်လျှောက်လေ၏။

31. ရှင်ဘုရင်သည်ထ၍ အဝတ်တော်ကို ဆုတ်လျက် မြေပေါ်မှာ တုံးလုံးနေ၏။ ကျွန်တော်အပေါင်းတို့ သည်လည်း၊ မိမိတို့အဝတ်ကို ဆုတ်လျက် အနားတော်၌ နေကြ၏။

32. ဒါဝိဒ်အစ်ကိုရှိမာ၏ သားယောနဒပ်က၊ အရှင်မင်းကြီး၏ သားတော်အပေါင်းတို့ကို သတ်လေပြီဟူသော စကားကို ယုံတော်မမူပါနှင့်။ အာမနုန်တယောက်တည်းသာ သေပါပြီ။ အဗရှလုံနှမတာမာကို အာမနုန်သည် ရှုတ်ချသောနေ့မှစ၍ ဤအမှုကိုသူ၏ မောင်စီရင်ပါပြီ။

၂ ရာ 13