၂ ရာ 11:6-17 Judson Bible (BJB)

6. ဒါဝိဒ်သည် ယွာဘဆီသို့ လူကိုစေလွှတ်၍ ဟိတ္တိလူ ဥရိယကို ငါ့ထံသို့ စေလွှတ်ရမည်ဟု မှာလိုက်သည် အတိုင်း၊ ယွာဘသည်စေလွှတ်၍၊

7. ဥရိယရောက်လာသောအခါ ဒါဝိဒ်က၊ ယွာဘ ကျန်းမာ၏လော။ လူများကျန်းမာ၏လော။ စစ်တိုက်၍ အောင်မြင်သလောဟုမေးမြန်းပြီးမှ၊

8. သင့်အိမ်သို့သွား၍ ခြေဆေးလော့ဟု မိန့်တော်မူသည်အတိုင်း၊ ဥရိယသည် နန်းတော်မှထွက်၍ သူ နောက်မှ ခဲဘွယ်စားဘွယ်ကို ရှင်ဘုရင် ပေးလိုက်လေ၏။

9. သို့ရာတွင် ဥရိယသည် မိမိအိမ်သို့မသွားဘဲ၊ မိမိအရှင်၏ကျွန်အပေါင်းတို့နှင့်အတူ နန်းတော်တံခါးဝ၌ အိပ်လေ၏။

10. ဥရိယသည် မိမိအိမ်သို့ မသွားကြောင်းကို နားတော်လျှောက်လျှင် ဒါဝိဒ်က၊ သင်သည်ခရီးသွားရာမှ ရောက်လာသည်မဟုတ်လော။ သင့်အိမ်သို့ အဘယ်ကြောင့် မသွားဘဲနေသနည်းဟု ဥရိယကိုမေးသော်၊

11. ဥရိယက၊ သေတ္တာတော်နှင့်ဣသရေလအမျိုး၊ ယုဒအမျိုးသားတို့သည် တဲ၌နေကြပါ၏။ သခင်ယွာဘနှင့် သခင်၏ကျွန်များတို့သည် လွင်ပြင်၌တည်းရကြပါ၏။ ကျွန်တော်သည် ကိုယ်အိမ်သို့သွား၍ စားသောက်လျက် မယားနှင့် ပျော်မွေ့လျက်နေသင့်ပါမည်လော။ ကိုယ်တော် အသက်ရှင်တော်မူသည်အတိုင်း၊ ထိုသို့ကျွန်တော် မပြုပါဟု ဒါဝိဒ်အား လျှောက်လေ၏။

12. ဒါဝိဒ်ကလည်း၊ ဤမြို့၌ ယနေ့နေဦးလော့။ နက်ဖြန်နေ့ ငါလွှတ်လိုက်မည်ဟုမိန့်တော်မူသည်အတိုင်း၊ ဥရိယသည်ထိုနေ့၊ နက်ဖြန်နေ့၊ ယေရုရှလင်မြို့၌နေ၏။

13. ဒါဝိဒ်သည်လည်း ဥရိယကိုခေါ်၍ ရှေ့တော်၌ စားသောက်လျက် ယစ်မူးသည်တိုင်အောင်သောက်ရ၏။ သို့သော်လည်း ညဦးမှာမိမိအိမ်သို့ မသွားဘဲ၊ အရှင်၏ ကျွန်တို့နှင့်အတူ အိပ်ခြင်းငှါ ထွက်သွားလေ၏။

14. နံနက်မှာ ဒါဝိဒ်သည် မှာစာကိုရေး၍ ဥရိယ လက်တွင် ယွာဘသို့ ပေးလိုက်၏။

15. မှာစာချက်ဟူမူကား၊ ကျပ်တည်းစွာစစ်တိုက်ရာ တပ်ဦး၌ ဥရိယကို ခန့်ထားပြီးမှ၊ သူသည် ရန်သူလက်သို့ ရောက်၍ သေစေခြင်းငှါ တပ်များကို ရုပ်သိမ်းလော့ဟု ပါသတည်း။

16. အမိန့်တော်အတိုင်း ယွာဘသည်မြို့ကို ကြည့်ရှုပြီးမှ၊ ခွန်အားကြီးသော သူရဲရှိရာအရပ်၌ ဥရိယကို ခန့်ထားလေ၏။

17. မြို့သားတို့သည် ထွက်၍ယွာဘနှင့် စစ်ပြိုင်သောအခါ၊ ဒါဝိဒ်၏ကျွန်အချို့တို့သည် သေကြ၏။ ဟိတ္တိလူဥရိယသည်လည်း သေ၏။

၂ ရာ 11