3. ထိုမိန်းမကား အဘယ်သူနည်းဟုစေလွှတ်၍ မေးမြန်းလျှင်၊ ဧလျံသမီး၊ ဟိတ္တိလူဥရိယ၏မယား ဗာသ ရှေဘဖြစ်ပါသည်ဟု လျှောက်လေ၏။
4. တဖန်လူကိုစေလွှတ်သဖြင့်၊ ထိုမိန်းမကို အထံတော်သို့ ခေါ်ခဲ့၍ ရှက်တင်လေ၏။ ထိုမိန်းမသည် မိမိအညစ်အကြေးနှင့် စင်ကြယ်အောင်ပြု၍ မိမိအိမ်သို့ ပြန်ပြီးမှ၊
5. ပဋိသန္ဓေရှိသဖြင့် ဒါဝိတ်ထံသို့လူကိုစေလွှတ်၍၊ကျွန်မ၌ ပဋိသန္ဓေရှိပါ၏ဟု လျှောက်စေသော်၊
6. ဒါဝိဒ်သည် ယွာဘဆီသို့ လူကိုစေလွှတ်၍ ဟိတ္တိလူ ဥရိယကို ငါ့ထံသို့ စေလွှတ်ရမည်ဟု မှာလိုက်သည် အတိုင်း၊ ယွာဘသည်စေလွှတ်၍၊
7. ဥရိယရောက်လာသောအခါ ဒါဝိဒ်က၊ ယွာဘ ကျန်းမာ၏လော။ လူများကျန်းမာ၏လော။ စစ်တိုက်၍ အောင်မြင်သလောဟုမေးမြန်းပြီးမှ၊
8. သင့်အိမ်သို့သွား၍ ခြေဆေးလော့ဟု မိန့်တော်မူသည်အတိုင်း၊ ဥရိယသည် နန်းတော်မှထွက်၍ သူ နောက်မှ ခဲဘွယ်စားဘွယ်ကို ရှင်ဘုရင် ပေးလိုက်လေ၏။
9. သို့ရာတွင် ဥရိယသည် မိမိအိမ်သို့မသွားဘဲ၊ မိမိအရှင်၏ကျွန်အပေါင်းတို့နှင့်အတူ နန်းတော်တံခါးဝ၌ အိပ်လေ၏။
10. ဥရိယသည် မိမိအိမ်သို့ မသွားကြောင်းကို နားတော်လျှောက်လျှင် ဒါဝိဒ်က၊ သင်သည်ခရီးသွားရာမှ ရောက်လာသည်မဟုတ်လော။ သင့်အိမ်သို့ အဘယ်ကြောင့် မသွားဘဲနေသနည်းဟု ဥရိယကိုမေးသော်၊
11. ဥရိယက၊ သေတ္တာတော်နှင့်ဣသရေလအမျိုး၊ ယုဒအမျိုးသားတို့သည် တဲ၌နေကြပါ၏။ သခင်ယွာဘနှင့် သခင်၏ကျွန်များတို့သည် လွင်ပြင်၌တည်းရကြပါ၏။ ကျွန်တော်သည် ကိုယ်အိမ်သို့သွား၍ စားသောက်လျက် မယားနှင့် ပျော်မွေ့လျက်နေသင့်ပါမည်လော။ ကိုယ်တော် အသက်ရှင်တော်မူသည်အတိုင်း၊ ထိုသို့ကျွန်တော် မပြုပါဟု ဒါဝိဒ်အား လျှောက်လေ၏။
12. ဒါဝိဒ်ကလည်း၊ ဤမြို့၌ ယနေ့နေဦးလော့။ နက်ဖြန်နေ့ ငါလွှတ်လိုက်မည်ဟုမိန့်တော်မူသည်အတိုင်း၊ ဥရိယသည်ထိုနေ့၊ နက်ဖြန်နေ့၊ ယေရုရှလင်မြို့၌နေ၏။