၂ ပေ 2:2-15 Judson Bible (BJB)

2. သူတို့ညစ်ညှုးသော အကျင့်ဓလေ့တို့ကို အများသောသူတို့သည် လိုက်သောအားဖြင့် သမ္မာတရားလမ်း အသ​ေရသည် ပျက်စီးလိမ့်မည်။

3. သူတို့သည် လောဘလွန်ကျူးလျက် ချော့မော့သောစကားနှင့် သင်တို့ကိုကုန်သွယ်ကြလိမ့်မည်။ သူတို့အပြစ်စီရင်ခြင်းသည် ရှေးကာလမှစ၍ မဖင့်မနွဲ၊ သူတို့ဖျက်ဆီးခြင်းသည်လည်း အိပ်၍မပျော်။

4. အကြောင်းမူကား၊ ပြစ်မှားသော ကောင်းကင်တမန်တို့ကို ဘုရားသခင်သည်နှမြောတော်မမူ၊ ငရဲထဲသို့ ချလိုက်ပြီးမှ စစ်ကြောစီရင်ခြင်းအလို့ငှါ ချုပ်ထား၍၊ မှောင်မိုက်သံကြိုးနှင့်ချည်နှောင်တော်မူ၏။

5. ရှေးလောကဓာတ်ကိုလည်းနှမြောတော်မမူ။ ဖြောင့်မတ်ခြင်းတရားကိုဟောသောနောဧနှင့် လူခုနစ်ယောက်တို့ကို စောင့်မတော်မူ၍၊ ဘုရားကို မကိုးကွယ်သော လောကီသားအပေါင်းတို့ကို ရေလွှမ်းမိုးစေတော်မူ ၏။

6. သောဒုံမြို့နှင့် ဂေါမောရမြို့တို့ကို မီးရှို့၍ ဖျက်ဆီးရာ၊ ဒဏ်စီရင်တော်မူသဖြင့် နောင်၌ မတရားသော အကျင့်ကို ကျင့်အံ့သောသူတို့ အားပုံသက်သေကို ထားတော်မူ၏။

7. ထိုအခါမတရားသော သူတို့၏ ညစ်ညူးသော အကျင့်အားဖြင့် နှောင့်ရှက်ခြင်းကို ခံရသောသူ၊ ဖြောင့်မတ်သော လောတကို ကယ်နှုတ်တော်မူ၏။

8. ထိုဖြောင့်မတ်သောသူသည် မတရားသော သူတို့တွင် နေစဉ်အခါ၊ သူတို့၏ မတရားသောအမှုများကို နေ့တိုင်းမပြတ်မျက်စီမြင်လျက်၊ နားကြားလျက်ရှိသဖြင့်၊ မိမိဖြောင့်မတ်သော စိတ်နှလုံးကို ပြင်းစွာညှဉ်းဆဲရ၏။

9. ဘုရားဝတ်၌ မွေ့လျော်သော သူတို့ကို စုံစမ်း နှောင့်ရှက်ခြင်းအထဲက ကယ်နှုတ်ခြင်းငှါ၎င်း၊

10. မတရားသောသူတို့ကို ဒဏ်ခံစေမည် အကြောင်း၊ ညစ်ညူးသော တပ်မက်ခြင်း ကိလေသာနှင့်တကွ၊ ကာမဂုဏ် အလိုသို့လိုက်၍၊ အာဏာစက်ကို မထီမဲ့မြင်ပြုသော သူတို့ကို အထူးသဖြင့်ဒဏ်ခံစေမည်အကြောင်း၊ တရားဆုံးဖြတ်သောနေ့အဘို့ ချုပ်ထားခြင်းငှါ၎င်း၊ ထာဝရဘုရားသည် တတ်နိုင်တော်မူ၏။ ထိုသူတို့သည် ရဲရင့်သောသူ၊ ကိုယ်အလိုသို့ လိုက်တတ်သောသူဖြစ်၍၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့ဝံ့ကြ၏။

11. ကောင်းကင်တမန်တို့မူကား၊ သူတို့ထက် ခွန်အားတန်ခိုးကြီးသော်လည်း၊ ထာဝရဘုရားရှေ့တော်၌ သူတို့အားကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကိုမပြုကြ။

12. သူတို့မူကား၊ ဘမ်း၍ဖျက်ဆီးဘို့ရာ ဖန်ဆင်းသောတိရစ္ဆာန်သက်သက်ကဲ့သို့၊ မိမိတို့နားလည်သော အရာကို ကဲ့ရဲ့လျက်၊ မိမိတို့ပုပ်ပျက်သောအားဖြင့် အကုန်အစင် ပျပ်စီးခြင်းသို့ရောက်၍၊ မတရားသော အမှု၏ အပြစ်ကိုခံရကြလိမ့်မည်။

13. နေ့အချိန်၌ပင် လွန်ကျူးစွာ ကာမဂုဏ် ခံစားခြင်းအမှုသည် ပျော်မွေ့ရာဖြစ်သည်ဟု သူတို့သဘောရှိ၏။ သင်တို့နှင့်အတူစားသောက် ပွဲလုပ်သောအခါ မိမိတို့မှားယွင်းသောသဘောနှင့် လွန်ကျူးစွာ ကာမဂုဏ် ခံစား၍၊ သင်တို့၌ အညစ်အကြေး အစွန်းအကွက် ဖြစ်ကြ၏။

14. သူတို့သည်သူ့မယားကိုပြစ်မှားသော ကိလေသာနှင့် ပြည့်စုံသော မျက်စိရှိ၍၊ ဒုစရိုက်ကို မပြုဘဲ မနေနိုင်ကြ။ စိတ်နှလုံးမတည်ကြည်သော သူတို့ကို အပြစ်သို့ သွေးဆောင်တတ်ကြ၏။ လောဘလွန်ကျူးခြင်း၌ ကျင်လည်၍၊ ကျိန်တော်မူခြင်း၏ သားဖြစ်ကြ၏။

15. ဖြောင့်မတ်သောလမ်းထဲကထွက်၍ လွှဲသွားသဖြင့်၊ ဗောသော်၏ သားဗာလမ်၏လမ်းကိုလိုက်ကြ၏။

၂ ပေ 2